ရထိုက်ကုမ္ပဏီ လုပ်ငန်းများဖျက်သိမ်း၍ ရွှေကုက္ကိုလ်မှ ထွက်ခွာတော့မည်ဟု သတင်းထွက်နေ

0
152

ကရင်နယ်ခြားစောင့်တပ်ဖွဲ့ (BGF)၏ ထိပ်ပိုင်းခေါင်းဆောင် ဗိုလ်မှူးကြီး စောချစ်သူ ပိုင်ဆိုင်သည့် ချစ်လင်းမြိုင် ကုမ္ပဏီနှင့် ပူးပေါင်းကာ ရွှေကုက္ကိုလ်မြို့သစ် စီမံကိန်းကို လုပ်ကိုင်ခွင့်ရထားသည့် ရထိုက်ကုမ္ပဏီသည် ယခုလလယ်မှ စတင်ကာ ပြန်လည်ထွက်ခွာတော့မည်ဖြစ်ကြောင်း သတင်းများထွက်ပေါ်နေသည်။

အစစ်/အတု ခွဲခြားရန် ခက်ခဲနေသေးသည့် ထုတ်ပြန်ချက်တစ်စောင် ယနေ့ စက်တင်ဘာ (၄) ရက်တွင် လူမှုကွန်ရက်၌ပျံ့နေပြီး အဆိုပါ စာကို ရွှေကုက္ကိုလ် ရထိုက်ရုံးနှင့် လုပ်ငန်းများအား အပြီးတိုင်ဖျက်သိမ်းခြင်းဟု ခေါင်းစဉ်
တပ်ထားသည်။

ထို့ပြင် နိုင်ငံတကာဖိအားများနှင့် နိုင်ငံတော်၏ တောင်းဆိုမှုကြောင့် ရထိုက်ကုမ္ပဏီမှလုပ်ဆောင်နေသော ဒေသဖွံ့ဖြိုးမှုဆိုင်ရာ လုပ်ငန်းများကို ရက်အကန့်အသတ်မရှိ ရပ်ဆိုင်းမည်ဖြစ်သည့်အတွက် ရွှေကုက္ကိုလ်မြို့သစ်ရှိ ရထိုက်ကုမ္ပဏီအပါအဝင် မြို့တွင်းရှိ လုပ်ငန်းရှင်များအားလုံး စက်တင်ဘာ (၂၀) ရက် နောက်ဆုံးထားပြီး အပြီးတိုင်ထွက်ခွာရွှေ့ ပြောင်းပေးရန်ဟု ဖော်ပြထားသည်ကို တွေ့ရသည်။

အဆိုပါ ကြေညာချက်သည် စက်တင်ဘာ (၁၅) ရက်တွင် စတင်အကျုံးဝင်မည်ဟု ဖော်ပြထားသော်လည်း ယခုကိစ္စနှင့် ပတ်သက်၍ BGF မှ တာဝန်ရှိသူတစ်ဦးဖြစ်သည့် ဗိုလ်မှူးနိုင်မောင်ဇော်ထံ ဆက်သွယ်မေးမြန်းကြည့်ရာ သူ့အနေဖြင့် အတိအကျမသိသည့်အပြင် စာမှာ အတုသာ ဖြစ်နိုင်ကြောင်း ပြောသည်။

” ရထိုက်နဲ့ ပတ်သက်ပြီးတော့ အစ်ကိုကတော့ သေသေချာချာ မသိဘူး။ အစ်ကိုတို့က စစ်ရေးစစ်ရာပဲကိုင်တာဆိုတော့။ အဲဒီစာက အစစ်မဟုတ်ဘူးလို့တော့ သက်ဆိုင်ရာ တာဝန်ရှိသူတွေကတော့ ပြောတယ်” ဟု ဗိုလ်မှူး နိုင်မောင်ဇော်က ပြောသည်။

ရွှေကုက္ကိုလ်စီမံကိန်းသည် ရထိုက်လုပ်ငန်းစု၏ ပြည်ပရင်းနှီး မြှုပ်နှံမှုများတွင် ငွေကြေးပမာဏအများဆုံး ရင်းနှီးမြှုပ်နှံထားခြင်းဖြစ်ပြီး နိုင်ငံတကာ လေဆိပ်၊ ဇိမ်ခံအိမ်ရာများ၊ အခန်း (၁၂၀၀) ပါဝင်သော ဟိုတယ်၊ လောင်းကစားရုံများ၊ အပန်းဖြေအဆောက်အဦအမျိုးမျိုး၊ ဈေးဝယ်စင်တာများ၊ စက်မှုဇုန်များ၊ ကုန်တင်သိုလှောင်ရုံ၊ ဆိပ်ကမ်း၊ နိုင်ငံတကာအဆင့်မီတက္ကသိုလ်များ၊ သိပ္ပံနှင့် နည်းပညာဇုန်၊ ခရီးသွားများအတွက် အပန်းဖြေဇုန်၊ တိုင်းရင်းသား ရိုးရာယဉ်ကျေးမှု ဇုန်၊ စီးပွားရေးဇုန်၊ စိုက်ပျိုးရေးဇုန်၊ ရုပ်ရှင်ရုံများနှင့် ရေပူစမ်းများ တည်ဆောက်ရန် ရည်ရွယ်ထားပြီး စီမံကိန်းကြီးတစ်ခုလုံးကို ၂၀၂၇ ခုနှစ်တွင် ပြီးစီးရန် ရည်မှန်းထားခြင်း ဖြစ်သည်။

သို့သော် နိုင်ငံဖြတ်ကျော် မှုခင်းများ၊ လူကုန်ကူးမှုများ ၊ အွန်လိုင်းငွေကြေးလိ-မ်လည်မှုများ၊ ရာဇဝတ်မှုများကြောင့် နာမည်ဆိုးနှင့် ကျော်ကြားလာပြီးနောက် တရုတ်၊ အိန္ဒိယ၊ ထိုင်းအပါအဝင် နိုင်ငံတကာ၏ ဖိအားပေးမှုများ ကြုံတွေ့နေရကာ နှစ်အနည်းငယ်အတွင်း ယခုကဲ့သို့ ပြန်လည်ထွက်ခွာမည့်သတင်း ထွက်ပေါ်လာခြင်းလည်း ဖြစ်သည်။

အွန်လိုင်း ငွေကြေးလိ-မ်လည်မှုများနှင့်
ပတ်သက်၍ တရုတ်၏ ဖိအားပေးနှိမ်နှင်းမှုများရှိလာသည့်နောက် ကရင်နယ်ခြားစောင့်တပ် (BGF) က မြဝတီမြို့နှင့် အနီးဝန်းကျင်ရှိ အဆိုပါ ငွေလိ-မ်ဂိုဏ်းများကို (၆) လအတွင်း ထွက်ခွာရန် သတိပေးမှုများ လုပ်ဆောင်ခဲ့သည်ကိုလည်း တွေ့ရသည်။

ပြီးခဲ့သည့် ဧပြီလဆန်းပိုင်းတွင် BGF က စာထုတ်ပြီးနောက်ပိုင်း တဖြေးဖြေး ပြန်လည်
ထွက်ခွာမှုများ ရှိခဲ့သော်လည်း လက်ရှိအချိန်ထိ ငွေလိ-မ်ဂိုဏ်းများ ကျန်ရှိနေသေးကြောင်း ဗိုလ် မှူး နိုင်မောင်ဇော်က ဆိုသည်။

” အများကြီးတော့ ထွက်နေကြတာပဲ။တဖွဲဖွဲနဲ့ပေါ့။ အကုန်လုံးတော့ မကုန်သေးဘူး။ နည်းနည်းပါးပါးတော့ ကျန်သေးတယ်” ဟု ၎င်းကဆိုသည်။

ယနေ့ထွက်ပေါ်နေသည့် ကြေညာချက်တွင် ရွှေကုက္ကိုလ်မှ ပြန်လည်ထွက်ခွာမည့်သူများအနေဖြင့် စက်တင်ဘာ (၈)ရက် နောက်ဆုံးထားပြီး ရထိုက်စုပေါင်းရုံးတွင် လာရောက်စာရင်းပေးရန်၊ ရထိုက်ကုမ္ပဏီမှ စီစဉ်ပေးသည့် ကားများဖြင့်သာ မြဝတီမြို့သို့ ထွက်ခွာရန်နှင့် စာရင်းမပေးဘဲ ထွက်ခွာသူများ၏ အချက်အလက်များကို နိုင်ငံတကာ ရဲတပ်ဖွဲ့နှင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ထံ ပေးပို့သွားမည်ဟုလည်း ဖော်ပြထားသည်။

ဓာတ်ပုံ – အင်တာနက်


LEAVE A REPLY

Please enter your comment!
Please enter your name here