ဆီဆိုင်မြို့ ပြန်လည်ထူထောင်ရေးလုပ်ငန်းများအား နစက ဥက္ကဋ္ဌ သွားရောက်စစ်ဆေး

0
162

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၌ အကြမ်းဖက်လုပ်ရပ်များကြောင့် ထိခိုက်ပျက်စီးခဲ့ရသည့် ဆီဆိုင်မြို့ပြန်လည်ထူထောင်ရေးလုပ်ငန်း အခြေအနေများနှင့် ဆီဆိုင်မြို့မဈေးအား အသစ်ပြန်လည်တည်ဆောက်သွားမည့် အခြေအနေများကို ယနေ့ စက်တင်ဘာ (၄)ရက် နံနက်ပိုင်းတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့သွားရောက်စဉ် မော်တော်ယာဉ်ဖြင့် တောင်ကြီး-ဟိုပုံး-ဆီဆိုင် ကားလမ်းတစ်လျှောက်ရှိ ရှမ်းနှင့် ပအိုဝ့် တိုင်းရင်းသားများ သွားလာနေမှုနှင့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများလုပ်ဆောင်နေမှုများကိုလည်း ကြည့်ရှုခဲ့သည်ဟု သိရသည်။

ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ တာဝန်ရှိသူများက ဆီဆိုင်မြို့မဈေးအသစ် ပြန်လည်တည်ဆောက်မည့်အခြေအနေများကို တင်ပြကြရာ နစကဥက္ကဋ္ဌက ခေတ်နှင့်လျော်ညီသည့် အဆင့်မြင့်ဈေးပုံစံဖြစ်စေရေး၊ ဆိုင်ခန်းများ သင့်တင့်သည့် အကျယ်အဝန်းဖြစ်စေရေး ဆောင်ရွက်သွားရန်၊ ရေ၊ မီး စနစ်များ၊ ယာဉ်ရပ်နားရန်နေရာများမှအစ စနစ်တကျတွက်ချက်၍ ထည့်သွင်း စဉ်းစားဆောင်ရွက်သွားရန်နှင့် အခြားလိုအပ်သည်များကို မှာကြားသည်။

ထို့နောက် ဒေသတွင်း ဇဝနရာမကျောင်းတိုက်သို့ ရောက်ရှိကြပြီး လက်ထောက်ကျောင်းထိုင်ဆရာတော် ဘဒ္ဒန္တ ပညာသီလနှင့် သံဃာတော်များအား ဖူးမြော်ကြည်ညိုပြီး လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။

ယင်းအပြင် နစက ဥက္ကဋ္ဌ က ဆီဆိုင်မြို့မှ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ နယ်မြေခံတပ်မတော်သားများနှင့် မိသားစုဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ပြည်သူ့စစ်(ဌာနေ)တပ်ဖွဲ့ဝင်များ၊ မြို့မိမြို့ဖများနှင့် တာဝန်ရှိသူများအားရင်းရင်း နှီးနှီးတွေ့ဆုံနှုတ်ဆက်ခဲ့ကြောင်း သိရသည်။

ဒေသကောင်းစားရေးဟု သုံးနှုန်း၍ အမှန်တကယ်တွင် အဖျက်လုပ်ရပ်များကိုသာ လုပ်ဆောင်လျက်ရှိသည့် PNLO အဖွဲ့၊ KNDF အဖွဲ့နှင့် PDF အမည်ခံအကြမ်းဖက်သမားများသည် ဒေသခံတိုင်းရင်းသားပြည်သူများ နေထိုင်ရာ မြို့၊ ရွာ၊ ရပ်ကွက်များတွင် တိုက်ပွဲများဖော်ဆောင်ခြင်း၊ သာသနိကအဆောက်အဦများနှင့် စာသင်ကျောင်းများအတွင်းသို့ Drop Bomb များဖြင့် ပစ်ချတိုက်ခိုက်ခြင်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်း စသည့် အကြမ်းဖက်လုပ်ရပ်များကို လုပ်ဆောင်ခဲ့မှုကြောင့် ထိခိုက်ပျက်စီး ဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့ရသည်။

ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့သည် ပင်လယ်ရေမျက်နှာပြင် အထက် ၃၃၁၀ ပေတွင်တည်ရှိပြီး မြောက်ဘက်တွင် ဟိုပုံးမြို့နယ်၊ အရှေ့ဘက်တွင် မောက်မယ်မြို့နယ်၊ တောင်ဘက်တွင် ကယားပြည်နယ်၊ အနောက်ဘက်တွင် ဖယ်ခုံမြို့နယ်၊ ညောင်ရွှေမြို့နယ်၊ တောင်ကြီးမြို့နယ်တို့နှင့် နယ်နိမိတ်ခြင်း ထိစပ်လျက်ရှိပြီး ပအိုဝ့်တိုင်းရင်းသားအများစု အေးချမ်းစွာ နေထိုင်လုပ်ကိုင် စားသောက်ကြသည့် မြို့တစ်မြို့ဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here