ဆီဆိုင်မြို့သည် PNLO ၏ မိုက်မဲသည့်လုပ်ရပ်ကြောင့် ထိခိုက်ပျက်စီးခဲ့ရကြောင်း နစက ဥက္ကဋ္ဌ ပြော

0
82

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဆီဆိုင်မြို့သည် PNLO ၏ မိုက်မဲသည့် အကြမ်းဖက်လုပ်ရပ်များကြောင့် ထိခိုက်ပျက်စီးခဲ့ရကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောဆိုခဲ့ပြီး စက်တင်ဘာ (၄)ရက် နံနက်ပိုင်းက ဆီဆိုင်မြို့ရှိ နယ်မြေခံတပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ပြည်သူ့ စစ်(ဌာနေ)တပ်ဖွဲ့ဝင်များ၊ မြို့မိ မြို့ဖများနှင့် ဒေသတာဝန်ရှိသူများနှင့်တွေ့ဆုံစဉ် ထိုသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

၎င်းက ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသသည် ရေခံမြေခံကောင်းကို ပိုင်ဆိုင်ထားသည့် ဒေသဖြစ်ပြီး ဖွံ့ဖြိုးတိုးတက်ရေးကို အောင်မြင်စွာဆောင်ရွက်နိုင်မည့် အလားအလာကောင်းများကို ပိုင်ဆိုင်ထားသော်လည်း ထိုသို့သော အကြမ်းဖက်လုပ်ရပ်များ‌ကြောင့် ထိခိုက်ပျက်စီးမှုများဖြစ်ပေါ်ခဲ့ရကြောင်း ဆိုသည်။

ဒေသတစ်ခု၊ နိုင်ငံတစ်ခု ဖွံ့ဖြိုးတိုးတက်ရန်မှာ ရပ်တန့်နေ၍မရဘဲ ရှေ့သို့ အစဉ် ဆက်လက်တက်လှမ်းနေရမည်ဖြစ်ပြီး ရပ်တန့်နေပါက ထိုဒေသသည် နောက်တွင်ကျန်နေခဲ့မည်ဟုဆိုသည်။

ထိုအပြင် ဒေသ၏ တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက်နိုင်သည်မှာ ဒေသခံများသာဖြစ်သကဲ့သို့ ဒေသ၏ မတည်ငြိမ်မှုများနှင့် ဖွံ့ဖြိုးတိုးတက်မှု နောက်ကျအောင် ဆောင်ရွက်သည်မှာလည်း ဒေသခံများပင်ဖြစ်ကြောင်း ထောက်ပြပြောဆိုသည်။

ထို့ကြောင့် ဒေသခံပြည်သူများအနေဖြင့် ဒေသတွင်တာဝန်ထမ်းဆောင်လျက်ရှိသည့် ဌာနဆိုင်ရာဝန်ထမ်းများ၊ အုပ်ချုပ်ရေးအဖွဲ့အစည်းများ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များဖြင့် ဒေသဖွံ့ဖြိုးတိုးတက်ရေး အတူတကွ ဝိုင်းဝန်းဖော်ဆောင်ကြရန်နှင့် နိုင်ငံတော်အစိုးရနှင့် တပ်မတော်မှလည်း တတ်စွမ်းသ၍ ဆောင်ရွက်ပေးသွားမည်ဟု ပြောကြားသည်။

PNLO အကြမ်းဖက်အဖွဲ့အပါအဝင် KNDF အဖွဲ့နှင့် PDF အမည်ခံအကြမ်းဖက်သမားများ၏ အကြမ်းဖက် လုပ်ရပ်များအပေါ် မည်သို့မျှလက်ခံနိုင်ခြင်းမရှိသဖြင့် ဆီဆိုင်မြို့ပတ်ဝန်းကျင်ရှိ ကျေးရွာများမှ ပအိုဝ့်တိုင်းရင်းသားများအနေဖြင့် ရွာလုံးကျွတ်နီးပါးအင်အားစုစည်း၍ တပ်မတော်ပြည်သူ့စစ် (ဌာနေ) တပ်ဖွဲ့ဝင်များနှင့်ပူးပေါင်းလက်တွဲပြီး ဆီဆိုင်ဒေသကို အမြန်ဆုံးပြန်လည်ရယူထိန်းချုပ်နိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် အကြမ်းဖက်ဖြစ်စဉ်များကြောင့် ယာယီနေရပ်စွန့်ခွာနေထိုင်ရလျက်ရှိသည့် ဒေသခံတိုင်းရင်းသားများအနေဖြင့် ပြန်လည်ဝင်ရောက်နေထိုင်၍ အေးချမ်းစွာဖြင့် နေထိုင်လုပ်ကိုင်လျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here