အာဆီယံပေါင်းစည်းဆက်သွယ်ရေးကဏ္ဍအလိုက် မဟာဗျူဟာစီမံချက်များ ရေးဆွဲနေ

0
198

အာဆီယံမဏ္ဍိုင် (၃) ရပ်နှင့် အာဆီယံပေါင်းစည်းဆက်သွယ်ရေးကဏ္ဍအောက်ရှိ သက်ဆိုင်ရာကဏ္ဍအလိုက် အဖွဲ့အစည်းများအနေဖြင့် မဟာဗျူဟာစီမံချက်များ ရေးဆွဲရေးတွင် နီးကပ်စွာ ညှိနှိုင်းပူးပေါင်းလုပ်ဆောင်လျက်ရှိကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန ထုတ်ပြန်ချက်အရ သိရသည်။

အာဆီယံအသိုက်အဝန်းမျှော်မှန်းချက် ၂၀၄၅ ၏ မဟာဗျူဟာစီမံချက်များရေးဆွဲရေးနှင့် စပ်လျဉ်းသည့် အာဆီယံအသိုက်အဝန်း မဏ္ဍိုင် (၃) ရပ်၏ သက်ဆိုင်ရာဝန်ကြီးဌာနများအကြား ညှိနှိုင်းအစည်းအဝေး တစ်ရပ်ကို စက်တင်ဘာ (၄)ရက်က နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ ကျင်းပခဲ့သည်။

၎င်းအစည်းဝေးတွင် မဟာဗျူဟာစီမံချက် ဒုတိယအကြိမ် ညှိနှိုင်းပြီးစီးခဲ့ခြင်း အပါအဝင် အာဆီယံမဏ္ဍိုင် (၃) ရပ်နှင့် အာဆီယံပေါင်းစည်းဆက်သွယ်မှုဆိုင်ရာ မဟာဗျူဟာစီမံချက်များ ရေးဆွဲနေမှု၏ ဖြစ်ပေါ်တိုးတက်မှုနှင့် ရှေ့ဆက်ဆောင်ရွက်မည့် နည်းလမ်းများကို ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ ဝါဝါမောင်က ရှင်းလင်းပြောကြားခဲ့သည်။

အာဆီယံစွမ်းဆောင်ရည်မြှင့်တင်ခြင်းအတွက် လူ့စွမ်းအားအရင်းအမြစ်နှင့် အရင်းအမြစ်များ စုစည်းအသုံးချရေးအကြားကွာဟချက် မရှိစေရန် အာဆီယံအတွင်းရေးမှူးချုပ်ရုံးသာမက သက်ဆိုင်ရာ အမျိုးသားအာဆီယံဌာနများ ခိုင်မာအားကောင်းရန် အလေးထားဆွေးနွေးခဲ့ကြသည်။

ထို့ပြင် အာဆီယံမဏ္ဍိုင် (၃) ရပ်ကို အဓိကတာဝန်ယူဆောင်ရွက်နေသည့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနနှင့် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနတိုမှ တာဝန်ရှိသူများက သက်ဆိုင်ရာမဏ္ဍိုင်အလိုက် မဟာဗျူဟာစီမံချက်များ ညှိနှိုင်းရေးဆွဲနေမှုများနှင့် စိန်ခေါ်မှုများကို ရှင်းလင်းဆွေးနွေးကြကြေင်း သိရသည်။

အစည်းအဝေးသို့ မြန်မာနိုင်ငံ၏ အာဆီယံအသိုက်အဝန်း ၂၀၂၅ အလွန် မျှော်မှန်းချက်ရေးဆွဲရေးဆိုင်ရာ အဆင့်မြင့်လုပ်ငန်းအဖွဲခေါင်းဆောင် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဒေါက်တာဝါဝါမောင်၊ သက်ဆိုင်ရာဝန်ကြီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များနှင့် အဆင့်မြင့်အရာရှိကြီးများ တက်ရောက်ခဲ့ကြသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here