“မြန်မာ-တရုတ်”ဆွေမျိုးပေါက်ဖော်ချစ်ကြည်ရေး ရေရှည်တည်တံ့ခိုင်မြဲစေရန် ရွှေတိဂုံစေတီတော်မြတ်ကြီးတွင် ခေါင်းလောင်းထိုးဆုတောင်းခဲ့သည့် ပေကျင်းမြို့ ဗုဒ္ဓဘာသာအသင်း

0
232

မြန်မာ-တရုတ်ချစ်ကြည်ရေးအသင်း(ဗဟို)၏ ဖိတ်ကြားချက်ကြောင့် မြန်မာနိုင်ငံသို့ရောက်ရှိနေသော တရုတ်နိုင်ငံ၊ ပေကျင်းမြို့ ဗုဒ္ဓဘာသာအသင်းမှ ဥက္ကဋ္ဌဆရာတော် Hu Xuefeng နှင့်အဖွဲ့ဝင်များသည် ယမန်နေ့ စက်တင်ဘာ ၄ ရက်နံနက် ၈ နာရီခွဲက ရွှေတိဂုံစေတီတော်မြတ်ကြီးအား လှည့်လည်ဖူးမြှော်ခဲ့ပြီး သာယာဝတီမင်းခေါင်းလောင်းတော်ကြီးတွင် “မြန်မာ-တရုတ်” ဆွေမျိုးပေါက်ဖော်ချစ်ကြည်ရေးရေရှည်တည်တံ့ခိုင်မြဲစေရန်နှင့် ဗုဒ္ဓသာသနာတော်ထွန်းကားပြန့်ပွားစေရန်တို့အတွက်ခေါင်းလောင်းထိုး၍ဆုတောင်းခဲ့ကြသည်ဟု သိရသည်။

ထိုသို့ ဖူးမြှော်စဉ် ဥက္ကဋ္ဌဆရာတော် Hu Xuefeng မှ ရွှေတိဂုံစေတီတော်မြတ်ကြီးအတွက် အလှူငွေကျပ်(၁၀)သိန်းလှူဒါန်းပေးအပ်ခဲ့ပြီး ရင်ပြင်တော် တောင်ဘက်မုခ်ရှိ ရှေးဟောင်းဗုဒ္ဓရုပ်ပွားတော်များတန်ဆောင်း၌ ရန်ကုန်တိုင်းသံဃနာယကအဖွဲ့ ဥက္ကဋ္ဌ ဆရာတော် ဒေါက်တာ ဘဒ္ဒန္တအဂ္ဂသာမိနှင့် ရွှေပြည်သာပရိယတ္တိစာသင်တိုက်ဆရာတော်ဘဒ္ဒန္တနာဂိတတို့အား ဂါရဝပြုတွေ့ဆုံခဲ့သည်။

ထို့ပြင် ရွှေတိဂုံစေတီတော်မြတ်ကြီး၏ ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ဝင်များ၊ မြန်မာ-တရုတ်ချစ်ကြည်ရေးအသင်း(ဗဟို)တို့မှတာဝန်ရှိသူများနှင့်တွေ့ဆုံ၍ နှစ်နိုင်ငံချစ်ကြည်ရေး၊ ရေရှည်တည်တံ့ခိုင်မြဲရေးနှင့် ဗုဒ္ဓဘာသာယုံကြည်ကိုးကွယ်မှုဆိုင်ရာများအား ဆွေးနွေးခဲ့ကြသည်ဟုသိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here