ဩစတြေးလျ-အာဆီယံစီးပွားရေးဖိုရမ်သို့ မြန်မာတက်ရောက်

0
455

ဩစတြေးလျနိုင်ငံ၊ ဆစ်ဒနီမြို့ရှိ International Convention Centre ၌ ဩစတြေးလျ-အာဆီယံစီးပွားရေးဖိုရမ် (Australia-ASEAN Business Forum) ကို ဩဂုတ်(၂၉) ရက်မှ (၃၀)ရက် အထိ ကျင်းပခဲ့ရာ မြန်မာသံရုံးမှ သံရုံးယာယီတာဝန်ခံ ဦးသက်ထွန်း တက်ရောက်ခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန ထုတ်ပြန်ချက်အရ သိရသည်။

ဖိုရမ်တွင် အာဆီယံအတွင်းရေးမှူးချုပ်က အွန်လိုင်းမှတစ်ဆင့် မိန့်ခွန်းပြောကြားခဲ့ပြီး ကင်ဘာရာမြို့အခြေစိုက် အာဆီယံနိုင်ငံသံရုံးများမှ သံအမတ်ကြီးများ/ သံရုံးအကြီးအကဲများ၊ ဩစတြေးလျ၊ ကမ္ဘောဒီးယားနှင့် လာအိုနိုင်ငံ တို့မှ စီးပွားရေးဆိုင်ရာဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ အာဆီယံစီးပွားရေးအကြံပေးကောင်စီဥက္ကဋ္ဌ၊ ဖိုရမ်ကျင်းပရေးကော်မတီဥက္ကဋ္ဌ တို့အပါအဝင် ဩစတြေးလျနိုင်ငံနှင့်အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ စီးပွားရေးဆိုင်ရာ ပညာရှင်များ၊ စီးပွားရေးဦးဆောင်လုပ်ငန်းရှင်များ စုစုပေါင်း (၄၀၀) ဦးခန့် တက်ရောက်ခဲ့ကြသည်။

“New Direction with New Opportunities” ခေါင်းစဉ်ဖြင့် ကျင်းပခဲ့သည့် အဆိုပါ ဖိုရမ်၌ အစိမ်းရောင်စီးပွားရေးနှင့်စွမ်းအင်အသွင်ကူးပြောင်းမှု (Green Economy and Energy Transition)၊  စိုက်ပျိုးရေးနှင့် စားနပ်ရိက္ခာလုံခြုံမှု (Agriculture and Food Security) ဆေးဘက်ဆိုင်ရာနှင့် ကျန်းမာရေး ကြံ့ကြံ့ခံနိုင်စွမ်းရှိမှု (Medical and Health Resilience)၊ အာဆီယံ ဈေးကွက်များအတွင်း လုပ်ငန်းဆောင်ရွက်မှု (Working in ASEAN Markets)၊ ဒစ်ဂျစ်တယ် အသွင်ပြောင်းလဲမှုနှင့်ဆန်းသစ်တီထွင်မှု (Digital Transformation and Innovation)၊ တက်သစ်စ လုပ်ငန်းများနှင့်စွန့်ဦးကူးသန်းရောင်းဝယ်မှုဆိုင်ရာ ရင်းနှီးမြုပ်နှံမှုများ (Start-ups and Venture Capital Investment) စသည့် အကြောင်းအရာခေါင်းစဉ် (၆) ရပ်ကို ဩစတြေးလျနိုင်ငံ၊ အာဆီယံ အဖွဲ့ဝင်နိုင်ငံများနှင့် ကမ္ဘာ့ထိပ်တန်းစီးပွားရေးလုပ်ငန်းကြီးများမှ စီးပွားရေးလုပ်ငန်းရှင်များ၊ စီးပွားရေးကျွမ်းကျင်သူများ၊ အသိပညာရှင်၊ အတတ်ပညာရှင်များက ပါဝင်ဆွေးနွေးခဲ့ကြသည်ဟု သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here