ပို့ကုန်ဖြစ်လာမည့် သိုးနှင့်ဆိတ်အရှင်များကို သီလဝါ AQS စခန်းတွင် မတင်ပို့ခင် ၃ပတ်စောင့်ကြည့်မည်

0
64

မြန်မာနိုင်ငံမှ သိုးနှင့်ဆိတ်အရှင်မျာကို မလေးရှားနိုင်ငံသို့ တင်ပို့ရောင်းချနိုင်ရန် စီစဉ်ဆောင်ရွက်နေကြောင်း မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ သိရသည်။

အဆိုပါလုပ်ငန်းအတွက် လိုက်နာဆောင်ရွက်ရမည့် ကျန်းမာရေးလိုအပ်ချက်အစီအမံများကို နှစ်နိုင်ငံညှိနှိုင်းအတည်ပြုချက်ရယူခြင်း၊ မြန်မာနိုင်ငံမှထုတ်ပေးမည့် တိရစ္ဆာန်ကျန်းမာကြောင်း လက်မှတ်မူကြမ်း (Veterinary Health certificate model) ပေးပို့၍ မလေးရှားနိုင်ငံနှင့် အတည်ပြုချက်ရယူခြင်းများကို ၂၀၂၄ ခုနှစ် ဇွန်လနှင့် ဇူလိုင်လအတွင်းဆောင်ရွက်ခဲ့ရာ နှစ်နိုင်ငံသဘောတူညီမှု ရရှိခဲ့ပြီးဖြစ်ကြောင်း သိရသည်။

ထို့ပြင် တင်ပို့သူများအနေဖြင့် သက်ဆိုင်ရာနိုင်ငံ၏ အစိုးရဌာနအဖွဲ့အစည်းများနှင့်ချိတ်ဆက်၍ အချက်အလက်ပြည့်စုံသည့် ကုန်အမှာစာ (Performance Invoice) လက်ခံရရှိရေး ဆောင်ရွက်ရန်လိုအပ်ပြီး သိုး၊ ဆိတ်တင်သွင်းမည့်သူမှ လျှောက်ထားလာသည့် နေရာအပေါ်မူတည်၍ တိရစ္ဆာန်စုဆောင်းရပ်ကို စိစစ်သတ်မှတ်သွားမည်ဖြစ်ကြောင်း သိရသည်။

ယင်းအပြင် ကျန်းမာရေး လိုအပ်ချက်အစီအမံများနှင့်အညီ ရောဂါရှစ်မျိုး စစ်ဆေးခြင်း၊ ခွာနာလျှာနာရောဂါ ကာကွယ်ဆေး ထိုးနှံခြင်းနှင့် တိရစ္ဆာန်အမှတ်အသား (ID Ear-tag) တပ်ဆင်ခြင်းလုပ်ငန်းများကို ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲထွန်းဝင်းက ပြောကြားသည်။

ထို့အတူ တင်ပို့မည့် သိုးနှင့်ဆိတ်များကို သီလဝါ AQS စခန်းတွင် စောင့်ကြည့်ကာလ ၂၁ ရက် ထားရှိရမည်ဖြစ်ပြီး ခွာနာလျှာနာရောဂါ ကာကွယ်ဆေး Trivalent နှစ်ကြိမ်ထိုးနှံခြင်း၊ သားလျှောရောဂါကာကွယ်ဆေး RB 51 ထိုးနှံပေးခြင်း၊ သန်ချခြင်းနှင့် ပြင်ပကပ်ပါးပိုးမွှားများ နှိမ်နှင်း၊ Beta agonist စစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ရမည်ဖြစ်ကာ သတ်မှတ်အရည်အချင်းနှင့်ကိုက်ညီပြီး တိရစ္ဆာန်ကျန်းမာကြောင်း လက်မှတ်ရရှိပြီးပါက မလေးရှားနိုင်ငံသို့ သတ်မှတ်ခွင့်ပြုထားသည့် လမ်းကြောင်းမှတစ်ဆင့် တင်ပို့နိုင်မည်ဖြစ်သည်။

လက်ရှိတွင် မလေးရှားနိုင်ငံသို့ သိုးနှင့်ဆိတ်အရှင်တင်ပို့နိုင်ရန် သတ်မှတ်လုပ်ငန်းစဉ်များ အကောင်အထည်ဖော် ဆောင်ရွက်ပြီးဖြစ်သည့် Mansa Iron & Steel Fabrication & Manufacturing Co., Ltd က ရမည်းသင်းခရိုင် ပျော်ဘွယ်မြို့နယ်ရှိ ယာယီစုဆောင်းရပ်၌ စုဆောင်းထားရှိပြီးဖြစ်သော ဆိတ်အရှင်အကောင် ၁၅၀၀ ကို ပထမအသုတ်အနေဖြင့် တင်ပို့နိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အဆိုပါကုမ္ပဏီအနေဖြင့် ယခုနှစ်အတွင်း ဆိတ်အရှင်အကောင် ၃၀၀၀၀ တင်ပို့နိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိပြီး လာမည့်နှစ်များတွင် တိုးတက်တင်ပို့နိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here