ရုရှားစပိုင် ဝေလငါး ပစ်သတ်ခံရခြင်းဖြစ်နိုင်

0
345

ချစ်စဖွယ် အဖြူရောင် beluga ဝေလငါး သေဆုံးရမှုသည် လုပ်ကြံသတ်ဖြတ်ခံရမှုဖြစ်နိုင်သည်ဟူသော တိရစ္ဆာန်အခွင့်အရေး အုပ်စုများ၏ ထင်ကြေးပေးလာမှုကြောင့် နော်ဝေတွင် ယင်းကိစ္စသည် ပဟေဠိတစ်ခု ဖြစ်လာခဲ့သည်။

Hvaldimir ဟု အမည်ပြောင်းပေးထားသည့် ဝေလငါးကို ကင်မရာတစ်လုံးပါသော အထူးပြုလုပ်ထားသည့် သိုင်းကြိုးနှင့်အတူ ၂၀၁၉ ခုနှစ်တွင် စတင်တွေ့ရှိခဲ့ပြီးနောက် လူသိများလာခဲ့သည်။ ယင်းသိုင်းကြိုးကြောင့်ပင် အဆိုပါ ဝေလငါးကို ရုရှားစစ်တပ်က လေ့ကျင့်ပေးထားခြင်းဖြစ်နိုင်သည်ဟု ထင်ကြေးပေးခဲ့ကြသည်။

သီတင်းပတ်ကုန်ပိုင်းက နော်ဝေတောင်ပိုင်း ရေပြင်တွင် Hvaldimir ကို သေဆုံးလျက်တွေ့ရှိခဲ့ပြီးနောက် ဝေလငါးသည် ပစ်သတ်ခံရခြင်းဖြစ်နိုင်သည်ဟု ဗုဒ္ဓဟူးနေ့(စက်တင်ဘာ ၄) တွင် နော်ဝေ တိရစ္ဆာန်အခွင့်အရေးအုပ်စုနှစ်ခုက စွပ်စွဲခဲ့ကြသည်။

ဝေလငါးသည် သေနတ်ဒဏ်ရာများဖြင့် သေဆုံးခဲ့ကြောင်း ခိုင်လုံသော အထောက်အထားများအပေါ် အခြေခံ၍ ရာဇဝတ်မှုဆိုင်ရာ စုံစမ်းစစ်ဆေးမှု လုပ်ဆောင်ပေးရန် OneWhale နှင့် NOHA အဖွဲ့နှစ်ခုက တောင်းဆိုခဲ့သည်။ Hvaldimir ကို ကာကွယ်စောင့်ရှောက်ရန်နှင့် သူ့ကို beluga ဝေလငါးအုပ်များရှိရာ ပြန်လည်ပို့ဆောင်ရန် ဆုံးဖြတ်ချက်ချထားသော အကျိုးအမြတ်မယူသောအဖွဲ့အစည်း OneWhale က အင်စတာဂရမ်တွင် ထိုတောင်းဆိုချက်ကို ရေးသားဖော်ပြခဲ့ခြင်းဖြစ်သည်။

တိမွေးကု ဆရာဝန်များ၊ ဇီဝဗေဒပညာရှင်များနှင့် ပဲ့ထိန်းပညာရှင်များသည် Hvaldimir ပေါ်က ဒဏ်ရာများ၏ သက်သေအထောက်အထားများကို ပြန်လည်သုံးသပ်ခဲ့ပြီး ဝေလငါး သေဆုံးမှုသည် ရာဇဝတ်မှု၏ ရလဒ်ဖြစ်သည်ဟု ဆုံးဖြတ်ခဲ့ကြကြောင်း ယင်းအဖွဲ့က ဆက်လက် ပြောဆိုခဲ့သည်။

ယင်းအဖွဲ့က တင်ခဲ့သောပို့စ်တွင် ဝေလငါး၏ အသက်မဲ့ ခန္ဓာကိုယ်ပေါ်ရှိ အပေါက်များနှင့် သွေးထွက်နေသည့် ပုံများ ပါရှိခဲ့သည်ဟု သိရသည်။

အဖွဲ့အစည်းများသည် Sandness ခရိုင်ရဲတပ်ဖွဲ့နှင့် စီးပွားရေးနှင့် သဘာဝပတ်ဝန်းကျင် ပြစ်မှုများဆိုင်ရာ စုံစမ်းစစ်ဆေးရေးနှင့် တရားစွဲဆိုရေး နော်ဝေနိုင်ငံအာဏာပိုင်အဖွဲ့ထံ ရဲအစီရင်ခံချက်တစ်ခုကို တင်သွင်းတိုင်ကြားခဲ့ကြကြောင်း သိရသည်။

Ref: စီအင်န်အင်န်


LEAVE A REPLY

Please enter your comment!
Please enter your name here