လေးကေ့ကော်မြို့အနီးတိုက်ပွဲများ ဖြစ်ပွားနေသော်လည်း မြဝတီမြို့အတွင်း ပုံမှန်သွားလာနေကြဟု ဆို

0
259

ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက် လေးကေ့ကော်မြို့အနီးတွင် တပ်မတော်နှင့် KNLA/ PDFပူးပေါင်းအဖွဲ့တို့ တိုက်ပွဲများဆက်လက်ဖြစ်ပွားနေသော်လည်း မြဝတီမြို့တွင်းအခြေအနေမှာပုံမှန်သွားလာလှုပ်ရှားလျှက်ရှိသည်ဟု မြဝတီဒေသခံတစ်ဦးက ပေါ်ပြူလာနယူးစ်ကိုပြောသည်။

တိုက်ပွဲဖြစ်ပွားနေသည့် လေးကေ့ကော်မြို့သည် မြဝတီမြို့မှ မော်တော်ယာဉ်ဖြင့် (၄၅)မိနစ်သာ မောင်းနှင်ရသောခရီးလမ်းတစ်ခုဖြစ်ပြီး၊ စက်တင်ဘာ (၃)ရက်နေ့ မှစတင်၍ တိုက်ပွဲများဖြစ်ပွားနေခြင်းဖြစ်သည်။

တိုက်ပွဲဖြစ်ပွားမှုအတွင်း လက်နက်ကြီး၊ လက်နက်ငယ်ပစ်ခတ်သံများ မြဝတီမြို့အတွင်းမှကြားနေရကာ ယမန်နေ့ စက်တာဘာ(၄)ရက်နေ့ ညပိုင်းအထိ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေကြောင်း ၎င်းက ဆိုသည်။

” ပစ်ခတ်သံတွေကတော့ မြို့ထဲကကြားနေရပါတယ်။ ဒါပေမယ့်မြို့ပေါ်မှာက ပုံမှန်ဘဲသွားလာနေကြတာ။ ရုံးတွေ ဈေးတွေ တံတားတွေ အားလုံး ပုံမှန်ဖွင့်ထားပါတယ်။”ဟု ၎င်းက မြဝတီမြို့၏ လက်ရှိ အခြေအနေကို ရှင်းပြသည်။

ယခုရက်ပိုင်းအတွင်း မြဝတီမြို့ အဝင် အထွက်လမ်းများအား လုံခြုံရေးတပ်ဖွဲ့များက ယခင်ထက် တင်းတင်းကြပ်ကြပ်စစ်ဆေးမှုများရှိနေကြောင်းဆိုသည်။

လက်ရှိဖြစ်ပွားနေသည့် တိုက်ပွဲမှာ
လေးကေ့ကော်မြို့အနီး တပ်မတော် စခန်းတစ်ခုဖြစ်သည့် အမြောက်ကုန်း (ဒေသအခေါ်စွယ်တော်ကုန်း)တွင်ဖြစ်ပွားနေခြင်းဖြစ်ပြီး၊ တိုက်ပွဲဖြစ်ပွားမှုအရှိန်မှာ ရက်ရှည်ဖြစ်ပွားနေခြင်းမျိုးမဟုတ်ဘဲ ရံဖန်ရံခါ ဖြစ်ပွားနေသော အခြေအနေဖြစ်ကြောင်း သိရသည်။

ယခုနှစ် ဧပြီ (၁၉)ရက်နေ့တွင် မြဝတီမြို့အမှတ်(၂)ချစ်ကြည်ရေးတံတားအနီး တိုက်ပွဲများဖြစ်ပွားခဲ့ခြင်းကြောင့် မြို့ခံအများစုမှာ ထိုင်းနိုင်ငံဘက်သို့ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရသေးသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here