လူချောလူလှများကကျောင်းသား/သူ များကိုစပိုင်လုပ်ရန်ဖြားယောင်းနေ

0
232

အရေးကြီးသော အချက်အလက်များကို ဝင်ရောက်ကြည့်ရှု့နိုင်သော ကျောင်းသူ/ကျောင်းသားများအနေဖြင့် မိန်းမချောများနှင့် ဆွဲဆောင်မှုရှိသော ယောက်ျားများကို သတိထားကြရန် တရုတ်နိုင်ငံ၏ ထိပ်တန်းသူလျှိုအေဂျင်စီက သတိပေးခဲ့သည်။ လှပ သော သူများသည် ကျောင်းသူ ကျောင်းသားများကို ခံစားချက်အတုအယောင်များပေးကာ နိုင်ငံရပ်ခြား အဖွဲ့အစည်းများအတွက် သူလျှိုလုပ်ပေးရန် သွေးဆောင်စည်းရုံးနေကြသဖြင့် နိုင်ငံတော်လုံခြုံရေးကို ထိခိုက်လာစေနိုင်သည်ဟု အေဂျင်စီက ပြောသည်။

၎င်းတို့သည် သတင်းအချက်အလက်များကို လွှဲပြောင်းရရှိရန်အတွက် နည်းလမ်းပေါင်းများစွာကို အသုံးချနိုင်သည်ဟု တရုတ်၏ နိုင်ငံတော် လုံခြုံရေးဝန်ကြီးဋ္ဌာနက ၎င်း၏ WeChat အကောင့်မှတဆင့် ဗုဒ္ဓဟူးနေ့(စက်တင်ဘာ ၄) တွင် ကျောင်းသားများထံ အသေးစိတ်သတိပေးချက်ကို ထုတ်ပြန်ကာ ပြောဆိုခဲ့သည်။

နိုင်ငံရပ်ခြား သူလျှိုများနှင့် ထောက်လှမ်းရေးအဖွဲ့များမှ ဝန်ထမ်းများသည် ကျောင်းသားလူငယ်များကို ပစ်မှတ်ထားကာ စိမ့်ဝင်ထိုးဖောက်နေသည်ကို နိုင်ငံတော်လုံခြုံရေးဋ္ဌာနများက တွေ့ရှိခဲ့သည်ဟု သတင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

“သူတို့က ကျောင်းသားလူငယ်တွေရဲ့ ပြင်းပြတဲ့ စူးစမ်းလိုစိတ်နဲ့ အသစ်အဆန်းအရာတွေအပေါ် စမ်းလုပ်ကြည့်လိုတဲ့ သဘောသဘာဝကို အခွင့်ကောင်းယူကြပါတယ်” ဟု သတင်းထုတ်ပြန်ချက်တွင် ဖေါ်ပြထားသည်။

တရုတ်နိုင်ငံသည် ၎င်း၏ နိုင်ငံတော်လုံခြုံရေးကို ခြိမ်းခြောက်သည်ဟု ယူဆသူ မှန်သမျှကို နှိမ်နင်းလျက်ရှိနေသကဲ့သို့ ယခုနှစ်အတွင်း ၎င်း၏ နိုင်ငံသားများကို သတိပေးချက် အများအပြားထုတ်ပြန်ခဲ့ပြီး ဖော်ထုတ်တွေ့ရှိခဲ့သော သူလျှိုလုပ်မှုနည်းနာများကို ဖော်ထုတ်အသိပေးခဲ့သည်။

နိုင်ငံခြားထောက်လှမ်းရေး အေဂျင်စီများအတွက် အလုပ်လုပ်သူများသည် ကန့်သတ်ထားသော ထိလွယ်ရှလွယ်သည့် သိပ္ပံနည်းကျ သုတေသန အချက်အလက်များကို လေ့လာကြည့်ရှု့ခွင့်ရသည့် ကောလိပ်ကျောင်းသားများကို အထူးအားဖြင့် ပစ်မှတ်ထားကြကြောင်း၊ သူတို့သည် တက္ကသိုလ်ပညာရှင်များအဖြစ်လည်းကောင်း၊ သိပ္ပံသုတေသန အင်စတီကျူ့များ၊ အတိုင်ပင်ခံ ကုမ္ပဏီများ၏ ဝန်ထမ်းများအဖြစ်သော်လည်းကောင်း အသွင်ယူကာ ကျောင်းသား ထု အတွင်း စိမ့်ဝင် ကာ စည်းရုံးကြသည်ဟု အေဂျင်စီက ပြောဆိုခဲ့သည်။

Ref: တီဘီအက်စ်နူးစ်


LEAVE A REPLY

Please enter your comment!
Please enter your name here