မဲဆောက်တွင် တရားမဝင်နေထိုင်သူများကို ထိုင်းရဲ ဖမ်းဆီး၊ မြန်မာနိုင်ငံသား(၁၀)ဦးခန့် ဖမ်းဆီးခံရ

0
139

ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့တွင် တရားမဝင်နေထိုင်သူများကို ယမန်နေ့ စက်တင်ဘာလ(၄)ရက် မွန်းလွဲပိုင်းအချိန်တွင် ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ရာ၊ နေထိုင်ခွင့်အထောက်အထား မပြည့်စုံသူ မြန်မာနိုင်ငံသား (၁၀)ဦးခန့် ဖမ်းဆီးခံရကြောင်း မဲဆောက်မြို့သတင်းရင်းမြစ်များထံက သိရသည်။

ထိုသို့ ဖမ်းဆီးမှုတွင် မဲဆောက်မြို့ရှိ Robinson ကုန်တိုက်အနီး ဖွင့်လှစ်ထားသည့် ဦးကြီးစိုးလက်ဖက်ရည်ဆိုင်နှင့် ဗီလာဆုံမှတ် (Villa Point) စားသောက်ဆိုင်တို့ကို ထိုင်းရဲတပ်ဖွဲ့က ဝင်ရောက်စစ်ဆေးစဉ် ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ ဖမ်းဆီးခံရသည့် ဖြစ်စဉ်အတွင်း
နိုင်ငံရေးနှင့်ဆက်နွယ်သူအချို့ ဖမ်းဆီးခံရသည်ဟု သိရှိရပြီး ပေါ်ပြူလာနယူးစ်အနေဖြင့် သီးခြားအတည်ပြု၍ မရရှိပေ။

သို့သော် ဒေသတွင်း မြဝတီမဲဆောက်မီဒီယာ၏ ရေးသားချက်အရ ဖမ်းဆီးခံရသူများမှာ မဲဆောက်မြို့တွင် ခိုလှုံနေသည့် တော်လှန်ရေးအင်အားစုများဖြစ်ပြီး ဆိုင်အတွင်းစားသောက်နေစဉ် ထိုင်းရဲတပ်ဖွဲ့များနှင့်တွေ့ရှိကာစစ်ဆေးရာမှအထောက်အထားမပြသနိုင်သဖြင့် ဖမ်းဆီးခေါ်ဆောင်ခြင်းခံခဲ့ရကြောင်း ဖော်ပြထားသည်။

“ထိုင်းဘက်မှာ ဒီလအတွင်း စီမံချက်ရှိတယ်လို့လည်းကြားတယ်။ ဒီနေ့လည်း မဲဆောက်ဘက်က အိမ်ရာတစ်ခုမှာ ဝင်စစ်သွားတယ်။ ဒီရက်ပိုင်းက မဲဆောက်မြို့ထဲအသွားအလာ ရှင်း‌နေတယ်။ ဂိတ်ထိုင်ပြီးကို ဖမ်းနေတာရှိသလို ရှောင်တခင်ဝင်စစ်‌ဆေးတာတွေလည်းရှိနေတယ်”။”ဟု မဲဆောက်မြို့တွင် နေထိုင်သည့် သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

ယင်းဖမ်းဆီးခံရမှုကြောင့် မဲဆောက်မြို့အတွင်း တရားမဝင်နေထိုင်သူများအကြား စိုးရိမ်စိတ်များမြင့်တက်နေပြီး၊ အချို့သော မဲဆောက်မြို့အတွင်းနေထိုင်သူများ၏ အပြောအရ နေထိုင်ခွင့်(ဘတ်ကတ်) ပြုလုပ်ပေးရန် ရက်နီးကပ်လာပါက ထိုသို့ ဖမ်းဆီးစစ်ဆေးမှုများ ပြုလုပ်လေ့ရှိ‌ကြောင်း ဆိုသည်။

ဓာတ်ပုံ-မြဝတီမဲဆောက်မီဒီယာ


LEAVE A REPLY

Please enter your comment!
Please enter your name here