ယခုနှစ်တွင် သကြားထွက်ရှိမှုလျော့ကျနိုင်ဟုဆို

0
161

ယခုနှစ် သကြားရာသီတွင် သကြားစက်ရုံအပြည့်လည်ပတ်နိုင်မှုမရှိသည့်အတွက် သကြားထွက်ရှိမှုလျော့ကျနိုင်ကြောင်း မြန်မာနိုင်ငံသကြားနှင့် ကြံထွက်ပစ္စည်းလုပ်ငန်းရှင်များအသင်းမှ သိရသည်။

ကြံစိုက်ပျိုးမှုအများဆုံးဖြစ်သည့် ရှမ်းပြည်နယ်(မြောက်ပိုင်း)တွင် တိုက်ပွဲများကြောင့် ကြံစိုက်တောင်သူများ အပြည့်အဝ စိုက်ပျိုးနိုင်ခြင်းမရှိခြင်းကြောင့်ဖြစ်သည်။

” အခုလက်ရှိလည်း သကြားကတင်ပို့နေပါတယ်။ ဒီနှစ်မှာ သကြားစက်ရုံတစ်ရုံတိုးချဲ့လည်ပတ်ဖို့ ရှိတယ်။ ဒီနှစ်သကြားထွက်ရှိနိုင်မှုကို ပြောရမယ်ဆိုရင် အပြည့်အဝတော့မဟုတ်ဘူး။ ၅၀ ရာခိုင်နှုန်းလောက်တော့ လျော့သွားမှာပေါ့”ဟု မြန်မာနိုင်ငံသကြားနှင့် ကြံထွက်ပစ္စည်းလုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူတစ်ဦးက ပေါ်ပြူလာနယူးစ်သို့ပြောသည်။

မြန်မာတစ်နိုင်ငံလုံးတွင် ကြံစိုက်ဧက လေးသိန်းသုံးသောင်းကျော်ရှိပြီး၊ ရှမ်းပြည်နယ် မြောက်ပိုင်းနှင့်တောင်ပိုင်း၊ စစ်ကိုင်းတိုင်း၊ ပဲခူးတိုင်းဒေသကြီးတွင် အဓိကစိုက်ပျိုးနေခြင်းဖြစ်သည်။

အဆိုပါ ကြံစိုက်ပျိုးရာ အနီးတစ်ဝိုက်ဒေသများ၌ သကြားစက်များ တည်ထားလေ့ရှိပြီး ပြည်တွင်း၌ ကြံကြိတ်ခွဲ ရာသီမှာ ဒီဇင်ဘာလမှ ဧပြီလအထိဖြစ်ကြောင်း သိရသည်။

ပြည်တွင်း၌ သကြားစက်ပေါင်း (၂၃) ခုကျော်ရှိပြီး လက်ရှိတွင် ရှမ်းပြည်နယ်မြောက်ပိုင်းနှင့် စစ်ကိုင်းတိုင်းရှိ သကြားစက်အချို့မှအပ ကျန်စက်များအားလုံး လုပ်ငန်းလည်ပတ်နေခြင်းဖြစ်သည်။

မြန်မာ့သကြားကို ပြည်ပတင်ပို့မှုအနေဖြင့် နှစ်စဉ် ဗီယက်နမ်သို့ သကြားတန်ချိန် ၇ သောင်းကနေ ၉ သောင်းခန့်အထိ တင်ပို့လျက်ရှိပြီး ပြည်တွင်းစားသုံးမှုဖူလူံမှသာ ပြည်ပသို့ တင်ပို့ခြင်းဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here