“အာဆီယံ- ငြိမ်းချမ်းရေး၊ လုံခြုံရေးနှင့် ကြံ့ကြံ့ခိုင်ရင်ဆိုင်နိုင်ရေးတို့အတွက်လက်တွဲဆောင်ရွက်ခြင်း”ခေါင်းစဥ်ဖြင့် ဒု-ဗိုလ်ချုပ်ကြီး စိုးမင်းဦး ဆွေးနွေးခဲ့

0
155

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် (ကိုယ်စား) (၂၁)ကြိမ်မြောက် အာဆီယံတပ်မတော်ကာကွယ်ရေးဦးစီးချုပ်များ အစည်းအဝေးသို့ တက်ရောက်နေသည့် စစ်ရေးချုပ် ဒု-ဗိုလ်ချုပ်ကြီးစိုးမင်းဦးက အာဆီယံ၏ အဓိကရည်မှန်းချက်နှင့်လုပ်ဆောင်ချက်များကို တွန်းအားပေးမီးမောင်းထိုးပြနေသည့် “အာဆီယံ- ငြိမ်းချမ်းရေး၊ လုံခြုံရေးနှင့် ကြံ့ကြံ့ခိုင်ရင်ဆိုင်နိုင်ရေးတို့အတွက် လက်တွဲဆောင်ရွက်ခြင်း” ခေါင်းစဥ်ဖြင့် ဆွေးနွေးခဲ့သည်။

အဆိုပါ အစည်းအဝေးကို လာအိုနိုင်ငံမှအိမ်ရှင်အဖြစ်လက်ခံ၍ ဗီယင်ကျန်းမြို့ရှိ Latsavong Wanda Vista Hotel ၌ ယနေ့ စက်တင်ဘာ ၅ ရက် နံနက်ပိုင်းက ကျင်းပခဲ့ခြင်းဖြစ်သည်။

အစည်းအဝေးတွင် အာဆီယံတပ်မတော်များ၏ ၂ နှစ်တာလုပ်ငန်းစီမံချက်(၂၀၂၄-၂ဝ၂၆)၊ 21 ACDFM ပူးတွဲကြေညာချက် Joint Statement တို့အား အတည်ပြုခဲ့ကြပြီးနောက် ယင်း Joint Statement အားအတည်ပြုလက်မှတ်ရေးထိုးခဲ့ကြကြောင်း သိရသည်။

ထို့ပြင် ဒု-ဗိုလ်ချုပ်ကြီးစိုးမင်းဦးသည် အစည်းအဝေးပြီးချိန်၌ ထိုင်းဘုရင့်တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ဗီယက်နမ်အမျိုးသားကာကွယ်ရေးဝန်ကြီးဌာန ဒု-ဝန်ကြီးနှင့် ဗီယက်နမ်ပြည်သူ့တပ်မတော်စစ်ဦးစီးအရာရှိချုပ်နှင့် ကမ္ဘောဒီးယားဘုရင့်တပ်မတော်ကာကွယ်ရေးဦးစီးချုပ် တို့အားသီးခြားစီတွေ့ဆုံခဲ့ပြီး သက်ဆိုင်ရာနှစ်နိုင်ငံတပ်မတော်နှစ်ရပ်များကြား ချစ်ကြည်ရင်းနှီးမှုပိုမိုတိုးမြှင့်ဆောင်ရွက်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးတို့ကိုဆွေးနွေးခဲ့ကြကြောင်း သိရသည်။

(၂၁)ကြိမ်မြောက် အာဆီယံတပ်မတော်ကာကွယ်ရေးဦးစီးချုပ်များအစည်းအဝေး၏ ဆက်စပ်အစည်းအဝေးများဖြစ်သည့် (၁၄)ကြိမ်မြောက် အာဆီယံတပ်မတော်စစ်ဆင်ရေးမှူးချုပ်များအစည်းအဝေးအား စစ်ဦးစီးအရာရှိချုပ် (ကြည်း) ဒု-ဗိုလ်ချုပ်ကြီးကျော်စွာလင်း၊ (၂၁) ကြိမ်မြောက် အာဆီယံတပ်မတော်ထောက်လှမ်းရေးမှူးချုပ်များအစည်းအဝေးအား ဒု-တပ်မတော်စစ်ဘက်ရေးရာလုံခြုံရေးအရာရှိချုပ် ဗိုလ်ချုပ်မင်းသူတို့တက်ရောက်ခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here