ကျေးရွာပေါင်း(၂၂၄)ရွာအထိ တိုးချဲ့လာသော မြန်မာဆေမာ အူဒုံကျေးရွာသစ်လှုပ်ရှားမှုစီမံကိန်း

0
89

မြန်မာနိုင်ငံရှိ တိုင်းနှင့်ပြည်နယ်(၁၅)ခုတွင် ကျေးရွာပေါင်း(၂၂၄)ရွာအထိအား နိုင်ငံတော်၏ရန်ပုံငွေဖြင့် မြန်မာဆေမာ အူဒုံ ကျေးရွာသစ်လှုပ်ရှားမှုစီမံကိန်း(SMU)အဖြစ် ဆောင်ရွက်ပေးလျက်ရှိသည်ဟု ကိုရီးယားနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးဦးသန့်စင်ကပြောသည်။

ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့တွင် စက်တင်ဘာ ၄ ရက်က တောင်ကိုရီးယားနိုင်ငံ၊ ပြည်ထဲရေးနှင့် လုံခြုံရေးဝန်ကြီးဌာနနှင့် ဆေမာအူဒုံစင်တာတို့ပူးပေါင်းကျင်းပခဲ့သည့် ကမ္ဘာလုံးဆိုင်ရာ ကျေး ရွာသစ်လှုပ်ရှားမှုစီမံကိန်းများအကောင်အထည်ဖော်သည့် ဦးဆောင်ဦးရွက်သူများဆွေးနွေးပွဲနှင့် ကမ္ဘာလုံးဆိုင်ရာ ကျေးရွာသစ်လှုပ်ရှားမှုစီမံကိန်းများအကောင်အထည်ဖော်သည့် အဆင့်မြင့်အရာရှိကြီးများအစည်းအဝေး(၂၀၂၄)တို့သို့တက်ရောက်၍ မိန့်ခွန်းပြောကြားရာ၌ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံတွင် ၂၀၁၄ ခုနှစ်မှ ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလအထိ ကျေးရွာသစ်လှုပ်ရှားမှု စီမံကိန်းအား ကိုရီးယားအပြည်ပြည်ဆိုင်ရာပူး ပေါင်းဆောင်ရွက်ရေးအေဂျင်စီအထောက်အပံ့ဖြင့် ရှေ့ပြေးစံပြကျေးရွာ(၁၁၀)ရွာကို အကောင်အထည်ဖော်ဆောင်ရွက်ခဲ့သည်ဟု ပြောသည်။

ထို့ပြင် ယင်း ကျေးရွာများ၏ ကျေးရွာလူနေမှု ဘဝကိုမြှင့်တင်ပေးနိုင်သည့် အောင်မြင်မှုများကြောင့် နိုင်ငံတော်၏ရန်ပုံငွေဖြင့် မြန်မာဆေမာ အူဒုံကျေးရွာသစ်လှုပ်ရှားမှုစီမံကိန်း(SMU)အား တိုင်းနှင့်ပြည်နယ်(၁၅)ခုတွင် ကျေးရွာပေါင်း (၂၂၄)ရွာအထိ တိုးချဲ့ဆောင်ရွက်ပေးလျက်ရှိသည်ဟု ပြောသည်။

ထို့ကြောင့် မြန်မာနိုင်ငံအနေဖြင့် ကိုရီးယားနိုင်ငံနှင့် နှစ်နိုင်ငံကြား ပူးပေါင်းဆောင်ရွက်မှုများကို ပိုမိုခိုင်မာစေရန် ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမည်ဟုလည်း ပြောကြားခဲ့သည်။

အခမ်းအနားများသို့ ကိုရီးယားအပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီအထောက်အပံ့ဖြင့် ကိုရီးယားကျေးရွာသစ်ပုံစံအတိုင်း နမူနာယူအကောင်အထည်ဖော်ဆောင်ရွက်နေသည့် နိုင်ငံပေါင်း(၂၉)နိုင်ငံမှ ကိုယ်စားလှယ်များနှင့် ယင်း နိုင်ငံများမှ ဆိုးလ်မြို့တွင် အခြေစိုက်ဖွင့်လှစ်ထားသည့် သံရုံးများမှသံတမန်များ၊ ကိုရီးယားအပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီတာဝန်ခံများ၊ ပြည်ထဲရေးနှင့်လုံခြုံရေးဝန်ကြီးဌာန၊ နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် ဆေမာအူဒုံစင်တာတို့မှ တာဝန်ခံများ၊ တက္ကသိုလ်များမှ ပါမောက္ခများတက်ရောက်ခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here