မိသားစုအတွက် အခြေခံစားသောက်ကုန်ဝယ်ယူသူများ စျေးဝယ်စင်တာများကို ပိုအားကိုးလာ

0
80

ရန်ကုန်မြို့တွင် မိသားစုအတွက် အခြေခံစားသောက်ကုန်ဝယ်ယူသူများသည် ပြင်ပရပ်ကွက်စျေးများထက် စျေးဝယ်စင်တာများကို ပိုမိုအားကိုးလာနေကြသည်။

“အိုးရှင်းကစျေးနဲ့ အပြင်စျေးကွာတယ်၊ အမတော့ အိုးရှင်းမှာပဲ တပတ်စာဆို တပတ်စာ ဟင်းချက်စရာဝယ်တော့တယ်၊ သူက စျေးပိုသက်သာတယ်” ဟု တာမွေမြို့နယ်နေ အမျိုးသမီးတစ်ဦးက ပေါ်ပြူလာနယူးကို ပြောပြသည်။

လက်ရှိတွင် စီးတီးမတ်များ စျေးဝယ်စင်တာများတွင် အခြေခံ ကုန်စျေးနှုန်းများသည် ပြင်ပရပ်ကွက်စျေး၊ ဆိုင်စျေးများထက် သက်သာမှုရှိနေခြင်း ဖြစ်သည်ဟု ဆိုသည်။

“အပြင်မှာကြက်သွန်နီတစ်ပိသာ ၄၀၀၀ပေးဝယ်ရတယ်
အိုးရှင်းမှာ ၂၅၀၀နဲ့ရနေသေးတယ်၊ကြက်သွန်ဖြူလဲထိုနည်းတူဘဲ၊ ဟိုနေ့က အပြင်မှာဆန်းကစ်သီးဝယ်မလို့မေးလိုက်တာတစ်လုံး၃၅၀၀တဲ့၊ ၃၀၀၀နဲ့ယူတဲ့ အိုးရှင်းမှာ ၂၇၀၀ဘဲဝယ်လို့ရနေသေးလို့ မဝယ်သေးဘူးလို့ပြန်ပြောခဲ့လိုက်တယ်၊ အပြင်မှာ ဘူးသီးတစ်စိတ်ကို ၁၀၀၀တဲ့
အိုးရှင်းမှာ ဒီပုံထဲကအလုံးက တစ်လုံး ၂၀၀၀နဲ့ရခဲ့တယ်” ဟု အိုးရှင်းစင်တာတွင် စျေးဝယ်ယူခဲ့သူ အမျိုးသမီးတစ်ဦးက သူမ၏ လူမှုကွန်ယက်တွင် မျှဝေထားသည်။

ထို့အပြင် စူပါမားကတ်အချို့၌ ပြည်ပမှ တင်သွင်းလာသည့် စားသုံးဆီဘူးများသည် ၅၀ သား တစ်ဘူးလျှင် ပြင်ပဈေးထက် အနည်းငယ် သက်သာနေသည်။

ထို့ကြောင့်လည်း စင်တာများတွင် စားသုံးဆီရောင်းချမှုသည် အကုန်မြန်ပြီး ထိန်းရောင်းနေရခြင်းဖြစ်ကြောင်း စီးတီးမတ်အရောင်းဆိုင် တာဝန်ခံတစ်ဦးက ပြောသည်။

“တချို့က ပြင်ပထက် သက်သာတယ်ဆိုပြီး တစ်ယောက်ထဲ အများကြီး ဝယ်ယူနေတာ​တွေကို ခွင့်မပြု​သေးပါဘူး” ဟုစီးတီးမတ်အရောင်းဆိုင် တာဝန်ခံတစ်ဦးက ပြောသည်။

သို့သော်လည်း စီးတီးမတ်များ၊ အိုးရှင်းစင်တာများရှိ အခြေခံစားသောက်ကုန်များသည် အပြင်ရပ်ကွက်စျေးများထက် စျေးသက်သာသည်ရှိသလို စျေးတူတူလည်းရှိကြောင်း ပုံမှန်ဝယ်ယူဖြစ်နေသည့် ရုံးဝန်ထမ်း အမျိုးသမီးတစ်ဦးကလည်း ပေါ်ပြူလာနယူးကို ပြောသည်။

“အကုန်လုံးစျေးသက်သာတယ်ရယ်လို့တော့မဟုတ်ဘူး၊ ဟင်းသီးဟင်းရွက်ဆိုလည်း စျေးသက်သာတဲ့ဟာက သက်သာတယ်၊ အပြင်စျေးနဲ့ တူတူ ဖြစ်တဲ့ဟာကလည်း တူတူပဲ၊ ကြက်ဥကတော့ တစ်ဆယ်နှစ်ဆယ်သက်သာတယ်” ဟု ပုံမှန်ဝယ်ယူနေကြ ရုံးဝန်ထမ်းအမျိုးသမီးတစ်ဦးက ရှင်းပြသည်။

“​စျေးဝယ်စင်တာမှာက သန့်ရှင်းမှုပိုခံစားရတယ်လို့ထင်တယ်၊ရပ်ကွက်​စျေးက ​စျေးကြီး​နေ​တော့မဝယ်ဖြစ်ကြ​တော့ဘူး၊ကျန်​နေတဲ့ အရင်​နေ့ကအသားပြန်​ရောင်း​တော့ လတ်ဆတ်မှုကစကား​ပြောတယ်၊ရပ်ကွက်​စျေးချင်းလည်းမတူပြန်ဘူး၊​ချွေတာ​နေရတဲ့အချိန်ဆို​တော့ ဘယ်မှာသက်သာလည်း ဆိုတာ နားစွင့်​နေရတယ်”ဟု ​စျေးဝယ်တစ်ဦးကဆိုသည်။

ယခုရက်သတ္တပတ်အတွင်း နိုင်ငံခြားငွေစျေးကွက်၌ ဒေါ်လာအပါအဝင် နိုင်ငံခြားငွေလဲလှယ်မှုစျေးနှုန်း သိသာစွာ ကျဆင်းလာသော်လည်း အခြေခံကုန်ဈေးနှုန်းများအနေဖြင့် အမြင့်စျေးတွင်သာ ဆက်လက်တည်ရှိနေဆဲဖြစ်သည်။

ဒေါ်လာစျေးမြင့်တက်မှုများကြောင့် အခြေခံကုန်ဈေးနှုန်းများသည်လည်း မြင့်တက်ခဲ့ကာ စားဆီတစ်ပိဿာလျှင်  တစ်သောင်းရှစ်ထောင်မှ  ကျပ် နှစ်သောင်းနှစ်ထောင်၊ ကြက်ဥတစ်လုံး ၄၈၀ ၊ ကော်ဖီမစ်တစ်ထုပ် ၅၀၀ အထိခုန်တက်ခဲ့ကာ ပြည်သူများ အလွယ်တကူစားလေ့ရှိသည့် ခေါက်ဆွဲခြောက်တစ်ထုပ် ၁၅၀၀ အထိမြင့်တက်ခဲ့ပြီး အတက်စျေးတွင်သာ ရှိနေဆဲ ဖြစ်ခြင်းကြောင့် ပြည်သူများသည် စျေးအနည်းငယ်သက်သာသည့် နေရာများကိုပင် အားကိုးဝယ်ယူနေကြရဆဲ ဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here