လားရှိုးမြို့နေရာတချို့ကို လေကြောင်းတိုက်ခိုက်

0
115

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့ပေါ်ရှိ အကြမ်းဖက်အဖြစ်ကြေငြာထားသည့် MNDAA ရှိသည့် နေရာတချို့အား တပ်မတော်က ယနေ့ စက်တင်ဘာလ (၈)ရက် နံနက်အစောပိုင်းတွင် လေကြောင်းမှတစ်ဆင့် ဗုံးကြဲတိုက်ခိုက်မှု ပြုလုပ်ခဲ့ကြောင်း သိရသည်။

ယနေ့ နံနက်(၄)နာရီဝန်းကျင်အချိန်တွင် လားရှိုးမြို့နယ်၊ ရပ်ကွက်(၁၂) ပြည်ထောင်စုအားကစားကွင်းအတွင်းသို့ လာရောက် ဗုံးကြဲချခဲ့ပြီး အဆောက်အအုံနှင့် ကားများ ပျက်စီးသော်လည်း လူထိခိုက်မှုမရှိကြောင်း လားရှိုးအခြေစိုက် Freedom Youth Volunteers-FYV ၏ လူမှုကွန်ယက်စာမျက်နှာမှ ဖော်ပြထားသည်။

အလားတူ လားရှိုးမြို့ ရေပူစမ်းသွားလမ်းရှိ Silver Sky Hotel သို့လည်း ဗုံးကျရောက်ပေါက်ကွဲခဲ့ကြောင်း လူမှုကွန်ရက်ပေါ်ရှိ သတင်းများအရ သိရသည်။

တပ်မတော်အနေဖြင့် ယာယီဆုတ်ပေးခဲ့ရသည့် နယ်မြေများအား ပြန်လည်သိမ်းယူရန် ယမန်နေ့ စက်တင်ဘာ (၇)ရက် နံနက်အစောပိုင်းတွင်လည်း TNLA ထိန်းချုပ်ထားသည့် နမ့်ခမ်းမြို့အား လေကြောင်းမှတစ်ဆင့် တန်ပြန်တိုက်ခိုက်မှုများရှိလာခဲ့ပြီဖြစ်ကြောင်း သိရသည်။

တပ်မတော်ဘက်မှ ထိုသို့ တန်ပြန်တိုက်ခိုက်လာခြင်းသည် လူမှုကွန်ရက်တွင် ခန့်မှန်းရေးသားနေကြသည့် “ရန်နိုင်မင်း” စစ်ဆင်ရေး၏ တစ်စိတ်တပိုင်း ဖြစ်နိုင်သည်ဟု သုံးသပ်မှုများလည်းရှိနေသည်ကို တွေ့ရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here