ယာဂီအကြွင်းအကျန် တိမ်တိုက်များနှင့် လေပွေလှိုင်းကြောင့် ယနေ့နံနက်အစောပိုင်း၌ ရန်ကုန်မြို့တွင် မိုးသည်းထန်စွာရွာသွန်း

0
163

တိုင်ဖွန်းမုန်တိုင်း ယာဂီအကြွင်းအကျန် တိမ်တိုက်များနှင့် လေပွေလှိုင်းများကြောင့် ယနေ့ စက်တင်ဘာ (၁၀) ရက် နံနက်အစောပိုင်း၌ ရန်ကုန်မြို့တွင် မိုးသည်းထန်စွာရွာသွန်းလျက်ရှိကြောင်း ရန်ကုန်မြို့နေ ဒေသခံများထံမှ သိရသည်။

ယမန်နေ့ စက်တင်ဘာ (၉) ရက်က တရုတ်-မြန်မာ နယ်စပ်ဒေသများတွင် ဖြစ်ပေါ်ခဲ့သော လေပွေလှိုင်းမှာ အနောက် – အနောက်မြောက်ဘက်သို့ ရွေ့လျားခဲ့ပြီး၊ မြန်မာနိုင်ငံအလယ်ပိုင်းဒေသများကို ဖြတ်ကျော်လျက်ရှိပြီး အဆိုပါ လေပွေလှိုင်းသည် အနောက်-အနောက်မြောက်ဘက်သို့ ဆက်လက်ရွေ့လျားနိုင်သည်ဟု မိုးလေဝသနှင့် ဇလဗေညွှန်ကြားမှု ဦးစီးဌာနမှ ယနေ့ စက်တင်ဘာ (၁၀) ရက် နံနက် (၇)နာရီအချိန်က ထုတ်ပြန်ထားသည်။

ထို့ကြောင့် ယနေ့ ညနေအထိ ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်နှင့် ကယားပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးနိုင်ပြီး ရွာရန်ရာနှုန်းပြည့်ဖြစ်ကြောင်း မိုးဇလမှ ထုတ်ပြန်သည်။

“ရန်ကုန်မှာ ဒီနေ့ မနက်မိုးမလင်းခင်ကတည်းက မိုးကကောင်းနေတာ။ လေလည်း ပါတယ်။ တချို့နေရာတွေဆို ရေတွေ ဘာတွေ တက်နိုင်တယ်။ အလုပ်သွားဖို့ လမ်းမပိတ်ပါစေနဲ့လို့ပဲ ဆုတောင်းနေရပါတယ်”ဟု ရန်ကုန်မြို့ခံ တစ်ဦးက ပြောသည်။

ပြီးခဲ့သည့် ရက်ပိုင်းအတွင်းကလည်း ရန်ကုန်မြို့တွင် မိုးသည်းထန်စွာရွာသွန်းခဲ့ခြင်းကြောင့် တာမွေမြို့နယ် အပါအဝင် မြို့နယ်အချို့တွင် ရေကြီးရေလျှံမှုဖြစ်ပေါ်ခဲ့ပြီး ယာဉ်ကြောပိတ်ဆို့မှုများလည်းဖြစ်ပေါ်ခဲ့ရကြောင်း သတင်းများအရ သိရသည်။

ထို့ပြင် မိုး/ဇလမှ ယနေ့ညနေအထိ ခန့်မှန်းချက်အရလည်း ရန်ကုန်မြို့နှင့် အနီးတစ်ဝိုက်တွင် မိုးထစ်ချုန်းရွာပြီးတစ်ခါ တရံ မိုးသည်းထန်နိုင်ကာ ရွာရန်ရာနှုန်းပြည့်ဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here