Blackpink အဖွဲ့ဝင် ဂျန်းနီ၏ တစ်ကိုယ်တော်သီချင်းသစ် အောက်တိုဘာတွင်ထွက်မည်

0
86

ဆိုးလ်၊စက်တင်ဘာ ၉

ကမ္ဘာကျော် အမျိုးသမီးကေပေါ့ပ်အဖွဲ့ Blackpink ၏ အဖွဲ့ဝင်တစ်ဦးဖြစ်သည့် ဂျန်းနီကင်မ်သည် ၎င်း၏အေဂျင်စီ (Odd Atelier) နှင့်ပူးပေါင်းပြီး အမေရိကန်တေးထုတ်လုပ်ရေးကုမ္ပဏီ Columbia Records နှင့်လက်မှတ်ရေးထိုးကာ တစ်ကိုယ်တော်သီချင်းသစ်ထုတ်လွှင့်မည်ဖြစ်ကြောင်းသိရသည်။

၎င်း၏သီချင်းသစ်ကို လာမည့်အောက်တိုဘာလတွင် စတင်ထုတ်လွှင့်မည်ဖြစ်ပြီး ဂျန်းနီကင်မ်သည် ၂၀၂၃ ခုနှစ် အောက်တိုဘာလကလည်း You & Me အမည်ဖြင့် တစ်ကိုယ်တော်သီချင်းလည်းထွက်ရှိထားသေးသည်။Columbia Records နှင့်လက်မှတ်ရေးထိုးထားသေးသည့် အခြားနာမည်ကြီးအနုပညာရှင်များမှာ Beyonce၊Harry Styles နှင့် Adele တို့ဖြစ်ကြကြောင်းလည်းသိရှိရသည်။

ဂျန်းနီသည် Blackpink အဖွဲ့ဝင်အဖြစ်သာမက HBO ကုမ္ပဏီက ရိုက်ကူးထုတ်လုပ်သည့် The Idol အမည်ရှိရုပ်သံဇာတ်လမ်းတွဲ၌လည်း ပါဝင်သရုပ်ဆောင်ခဲ့ပြီး သရုပ်ဆောင်တစ်ယောက်ဘဝကိုလည်းစတင်ခဲ့သည်။

Blackpink အဖွဲ့ဝင်များအနက် ဂျန်းနီသာမက ကျန်အဖွဲ့ဝင်များအားလုံးသည်လည်း ကိုယ်စီကိုယ်စီတစ်ကိုယ်တော်အနုပညာလှုပ်ရှားမှုများလည်းပြုလုပ်နေကြကြောင်းသိရှိရသည်။ ဂျီဆိုက Newtopia အမည်ရှိ ဇွန်ဘီရုပ်သံဇာတ်လမ်းတွဲ၌ ပါဝင်သရုပ်ဆောင်ထားသကဲ့သို့ လီဆာက New Woman Lotus အမည်ရှိ ရုပ်သံဇာတ်လမ်းတွဲတွင်ပါဝင်သရုပ်ဆောင်ခဲ့သည်။

အလားတူပင် ရို့စ်သည်လည်း The Black Label နှင့် လက်မှတ်ရေးထိုးကာ တေးသီချင်းအသစ်များကို စမ်းသပ်အသံသွင်းနေခဲ့သည်ဟုသိရသည်။

ကိုယ်စီကိုယ်စီ တစ်ကိုယ်တော်သီချင်းများ ရုပ်သံဇာတ်လမ်းတွဲများဖြင့် အလုပ်ရှုပ်နေကြသော်လည်း Blackpink အဖွဲ့ဝင်လေးဦးသည် ဘယ်သောအခါမှခွဲခွာမည်မဟုတ်ဘဲ Blackpink ဟူသောအမည်ကိုချစ်ခင်ကာ ထိန်းသိမ်းထားပြီး အဖွဲ့ဝင်တစ်ယောက်ဖြစ်ရသည့်အပေါ် ဝမ်းမြောက်ဂုဏ်ယူမိကြောင်းလည်း လီဆာက ပြောကြားခဲ့သည်။

Source : စီအင်န်အေ


LEAVE A REPLY

Please enter your comment!
Please enter your name here