ရွေးကောက်ပွဲတွင်သုံးမည့် မြန်မာအီလက်ထရောနစ်မဲပေးစက် အသုံးပြုခြင်းဆိုင်ရာ နည်းပြဆရာဖြစ်သင်တန်း ဖွင့်လှစ်

0
85

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် အသုံးပြုမည့် မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) အတွက် အသုံးပြုခြင်းဆိုင်ရာ နည်းပြဆရာဖြစ် သင်တန်း(၃/၂၀၂၄)ကို ယမန်နေ့ စက်တင်ဘာ ၉ ရက်က ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံး၊ တိုးချဲ့ရုံးအဆောက်အဦ၌ ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။

ထိုသင်တန်းတွင် မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) တည်ဆောက်ပုံနည်းလမ်းများ၊ စက်တပ်ဆင်ပုံ၊ စမ်းသပ်မဲပေးပုံ၊ ဖြန့်ခွဲပုံ၊ ရွေးကောက်ပွဲနေ့တွင် မဲရုံ၌ မဲပေးစက် တပ်ဆင်ခင်းကျင်းပုံ၊ မဲရလဒ်ရေတွက်ပုံ၊ နည်းဥပဒေပါအတိုင်း မဲရလဒ်စာရင်းပြုစုပုံ၊ မဲပေးစက် ပြန်လည်ထုပ်ပိုးသိမ်းဆည်းပုံတို့ကို သင်ကြားပြသပေးမည်ဖြစ်ကြောင်း သိရသည်။

နည်းပြဆရာဖြစ်သင်တန်းသို့ တက်ရောက်ခြင်းအားဖြင့် မဲပေးစက်နှင့်စပ်လျဉ်း၍ ဆင့်ပွားသင်တန်းများကို ကျွမ်းကျွမ်းကျင်ကျင် ပြန်လည်ပို့ချနိုင်မည်ဖြစ်ပြီး ရွေးကောက်ပွဲတွင်လည်း မဲပေးစက်ဖြင့် မဲပေးခြင်းကို ကောင်းမွန်စွာ လုပ်ဆောင်နိုင်မည်ဖြစ်သည်။

ထို့ပြင် မဲပေးစက်(MEVM) အသုံးပြု၍ မဲပေးခြင်းဖြင့် မဲဆန္ဒရှင်ပြည်သူများ လွယ်ကူလျင်မြန်စွာဖြင့် သက်သောင့်သက်သာ မဲပေးနိုင်မည်ဖြစ်ပြီး မဲရလဒ်များကိုလည်း တိကျမှန်ကန် မြန်ဆန်စွာ ရရှိနိုင်မည်ဖြစ်ကြောင်းလည်း သိရသည်။

အဆိုပါ(၃/၂၀၂၄)သင်တန်းသို့ ရန်ကုန်တိုင်းဒေသကြီးရှိ မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးများမှ သင်တန်းသား ၂၃ ဦး တက်ရောက်ကြပြီး သင်တန်းကာလမှာ စက်တင်ဘာ ၉ ရက်မှ ၁၁ ရက်အထိ ဖွင့်လှစ်သွားမည်ဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here