တာချီလိတ်မြို့တွင် စံချိန်တင်ရေကြီးနေ၍ လျှပ်စစ်မီးဖြတ်ထားရ

0
84

ရှမ်းပြည်နယ်၊ တာချီလိတ်မြို့တွင် ပြီးခဲ့သည့် စက်တင်ဘာ ၈ ရက်မှစတင်၍ မိုးသည်းထန်စွာရွာသွန်းကာ မယ်ဆိုင်ချောင်းရေမြင့်တက်လာသဖြင့် ယနေ့ စက်တင်ဘာ ၁၀ ရက်တွင် စံချိန်တင်ရေကြီးနေသဖြင့် လျှပ်စစ်မီးဖြတ်ထားကြောင်း ဒေသခံများထံမှသိရသည်။

” မိုးအဆက်မပြတ်ရွာပြီး ရေတက်နေတဲ့အရှိန်ကြောင့် လျှပ်စစ်အန္တရာယ်မရှိအောင် လျှပ်စစ်မီးတွေကို ယာယီဖြတ်တောက်ထားရတယ်လို့ကြားတယ်။ ဒါ့ကြောင့် တာချီလိတ်မှာ မီးတွေပျက်နေတာပါ။ ဖုန်းလိုင်းတွေလည်းသိပ်မမိဘူး။ ဆက်သွယ်ရခက်တယ်”ဟု ဒေသခံတစ်ဦးကပြောသည်။

ထို့ပြင် တာချီလိတ်မြို့ရှိ ပုန်းထွန်၊ တာလော့၊ ဝမ်ကောင်း၊ မကာဟိုခမ်း၊ ဆန်ဆိုင်းခ၊ ဆန်ဆိုင်းက၊ မယ်ခေါင်၊ ဝန်းကျောက်ရပ်ကွက်များ၏ နေအိမ်များအတွင်းသို့ ရေဝင်ရောက်မှုများဖြစ်ပေါ်နေသဖြင့် ရေဘေးသင့်အိမ်ထောင်စုဝင်(၅၂၁)ဦးအား ယာယီရေဘေးကယ်ဆယ်ရေးစခန်းများသို့ ပို့ဆောင်ထားရကြောင်း သိရသည်။

ယာယီရေဘေးကယ်ဆယ်ရေးစခန်းများအား အောင်မြတ်ခန်းမ၊ ခရိုင်အားကစားရုံခန်းမ၊ ပုန်းထွန်သီရိရတနာဂူဟာဘုန်းတော်ကြီးကျောင်းတို့ ၌ဖွင့်လှစ်ထားကာ တာဝန်ရှိသူများနှင့်အလှူရှင်များက ထမင်းထုပ်များ၊ ရေသန့်ဘူးများဝေငှ‌ ပေးလျက်ရှိကြောင်း သိရသည်။

ထို့အတူ မယ်ဆိုင်ချောင်းရေမြင့်တက်ကာ တာချီလိတ်-မယ်ဆိုင်တံတားပေါ်တွင် အမှိုက်များနှင့်ရွံ့နွံများတက်နေသဖြင့် တံတားအားယာယီပိတ်ထားခဲ့ပြီး ရေပြန်ကျ၍ သန့်ရှင်းရေးလုပ်ပြီးချိန်မှသာ ပြန်လည်ဖွင့်လှစ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

Photo-ဦးလှမိုး(တာချီလိတ်)အသင်း၊ CJ


LEAVE A REPLY

Please enter your comment!
Please enter your name here