ယာဂီမုန်တိုင်း အရှိန်ကြောင့် ရှမ်းပြည်နယ်အတွင်း ရေကြီးရေလျှံမှုများ ဆက်လက်ဖြစ်ပွား‌နေဟုဆို

0
84

ယာဂီမုန်တိုင်းအရှိန်ကြောင့် ရှမ်းပြည်နယ်အတွင်း ယနေ့ စက်တင်ဘာ(၁၀)ရက် နံနက်ပိုင်းမှစတင်၍ ရေကြီးရေလျှံမှုများဖြစ်ပွားလျှက်ရှိပြီး၊ လမ်းပိုင်းအချို့တွင်လည်း မြေပြိုခြင်း ရေကျော်ခြင်းများဖြစ်ပွားလျှက်ရှိကြောင်း ဒေသခံသတင်းရင်းမြစ်များထံမှ ပြောသည်။

ယနေ့တွင် ရှမ်းပြည်နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းနေခြင်းကြောင့် တောင်ကြီး-လွိုင်လင်လမ်း၊ တောင်ကြီး- မိတ္ထီလာလမ်း၊ တောင်ကြီး – ရက်စောက် – ကျောက်ဂူလမ်း၊ ကျောက်ဂူ -နမ့်လန်လမ်းနှင့် တောင်ကြီး-မိုင်းခေး-မိုင်းရယ် -ဆောင်ကျဲ လမ်းတို့အတွင်း မြေပြိုခြင်း ၊ လမ်းပိုင်းအချို့နေရာများတွင် ရေကျော်ခြင်းများဖြစ်ပွားနေသည် ဟု ၎င်းက ဆိုသည်။

“မိုးကများ‌နေတယ်။ လမ်းပိုင်းအချို့‌ နေရာတွေ ရေကျော်တာတွေဖြစ်နေတယ်။ သတိနဲ့သွားလာကြဖို့ ပြောချင်ပါတယ်။”ဟု ဆိုသည်။

အလားတူ မယ်ဆိုင်ချောင်းရေမှာ စိုးရိမ်ရေမှတ် အထက်ကျော်လွန်နေသဖြင့် မယ်‌ဆိုင်တံတား ရေကျော်နေပြီဖြစ်သလို တာချီလိတ်မြို့နယ်အတွင်းရှိ လမ်းများနှင့် လူနေအိမ်များ ရေနစ်မြှပ်မှုဖြစ်ပွားလျှက်ရှိသည်။

ထို့အတူ ရှမ်းပြည်နယ်တောင်ပိုင်းရှိ မောက်မယ်မြို့နယ်နှင့် မိုင်းကိုင်မြို့နယ်မတွင်လည်း မိုးရွာသွန်းမှုကြောင့် နမ့်ယွမ်းချောင်းရေနှင့် နမ့်တိန်းချောင်းရေ မြင့်တက်လာကာ ရပ်ကွက် ၊ ကျေးရွာအတွင်းသို့ ရေကြီးရေလျှံဖြစ်ပေါ်လျှက်ရှိကြောင်း သိရသည်။

တစ်ဖန် ရှမ်းပြည်နယ်အရှေ့ပိုင်း ကျိုင်းတုံမြို့တွင်လည်း ယနေ့ နံနက်ပိုင်းမှ စတင်၍ ကျိုင်းတုံ-တာချီလိတ်လမ်း၊ ကျိုင်းတုံမြို့တော်ခန်းမအရှေ့လမ်းနှင့် လွယ်မွေသွားလမ်းဘက်၌ ရေကြီးရေလျှံမှုဖြစ်ပေါ်ပြီး မြို့တွင်းရေဝင်ရောက်မှုနှင့်အတူ ကျိုင်းတုံ အထက(၅)အုတ်တံတိုင်း ပြိုကျပျက်စီးမှုဖြစ်ပေါ်လျက်ရှိကြောင်း ဒေသတွင်း သတင်းများအရ သိရသည်။

ယနေ့တွင် ရှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းဆတ်၊ လွိုင်မွေ၊ ကျိုင်းတုံ၊ တုံတာ၊ မိုင်းပြင်းနှင့် ရှမ်းပြည်နယ်တောင်ပိုင်း ကွန်ဟိန်း၊ ခိုလမ်၊ မိုင်းနောင်၊ မိုင်းစံနှင့်မိုင်းရှူး ဒေသတွေမှာ မိုးများစွာ ရွာသွန်းခြင်း၊ တောင်ပြိုခြင်း၊ ချောင်းရေမြစ်‌ရေများအရှိန်အဟုန်ဖြင့် စီးဆင်းလာနိုင်ခြင်း၊ မိုးကြီးရေလျှံခြင်းစသည့် အန္တရာယ်များဖြစ်ပေါ်လာနိုင်ကြောင်း မိုးလေဝသလေ့လာစောင့်ကြည့်သူများက အသိပေးထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here