ဇော်ဂျီမြစ်ရေ မြင့်တက်လာနိုင်သည့်အတွက် ကျောက်ဆည်မြို့ပေါ် ရပ်ကွက်အချို့နှင့် ကျေးရွာအချို့သတိထားနေထိုင်ရန် နှိုးဆော်ထား

0
158

ယနေ့ စက်တင်ဘာ(၁၀) ရက်၊ ညနေပိုင်းတွင် ဇော်ဂျီမြစ်ရေ မြင့်တက်လာနိုင်ခြင်းကြောင့် ကျောက်ဆည်မြို့ရှိ ရပ်ကွက်အချို့နှင့် ကျေးရွာအချို့တွင် ရေကြီးရေလျှံမှုများ ကြုံရနိုင်သည့်အတွက် ပြည်သူများအနေဖြင့် ရေဘေးသတိထား နေထိုင်ကြရန် မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့မှ လိုက်လံနှိုးဆော်ထားကြောင်း သိရသည်။

လက်ရှိတွင် ပြည်သူများ ရေဘေးရှောင်နိုင်ရန် ယာယီအရေးပေါ် ရေဘေးရှောင်စခန်း (၁၀) ခုကိုကြိုတင် ပြင်ဆင်ထားရှိပြီး လိုအပ်သည့်ဆေးဝါးများ၊ သောက်သုံးရေများ အစရှိသည့် ရိက္ခာများကိုလည်း ပြင်ဆင်ထားကြောင်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ထံမှ သိရသည်။

” အထူးသဖြင့် ညပိုင်းမှာ မြစ်ရေမြင့်တက်လာနိုင်တယ်။ အမြင့်ပိုင်းရပ်ကွက်တွေမှာ ရေဘေးရှောင်စခန်းတွေကို ကြိုတင်ပြင်ဆင်ထားတယ်။ မြို့ပေါ်မှာ (၃) ခု၊ ကျေးရွာတွေမှာ (၇) ခု စုစုပေါင်း (၁၀) ခုပေါ့။ အချိန်နှင့်တပြေးညီ ကူညီကယ်ဆယ်နိုင်ဖို့အတွက် မီးသတ်၊ ပရဟိတအသင်း၊ ထွေအုပ်ကလူတွေ အပါအဝင် အခြားသောအဖွဲ့အစည်းတွေကလည်း အဆင်သင့်ပြင်ထားတယ်။ ပြီးတော့ စည်ပင်တို့ မီးသတ်တို့နဲ့ပူးပေါင်းပြီးတော့ အရေးပေါ်သောက်သုံးရေရယ် ဆန်အိတ် (၁၀၀၀) ကို ပြင်ဆင်ထားတယ်”ဟု မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်ဇော်ဦးက ပြောသည်။

ဇော်ဂျီမြစ်ရေ မြင့်တက်မှုကြောင့် ကြက်မင်းတွန် ရပ်ကွက်၊ ဆူးကုန်းရပ်ကွက် ၊ ဘောဂဝတီရပ်ကွက်များ ရေဝင်ရောက်နိုင်ပြီး ကျေးရွာများအနေဖြင့် ခတက်ကုန်း ၊ ပဲခင်း၊ ကျားကာ၊ ဆူးလေကုန်း ၊ ပေါက်ပင်ကွေ့ ၊ လယ်ကြီး ၊ သဂ်တုံ၊ ပ တ္တာကျေးရွာများ ရေဝင်ရောက်နိုင်ကြောင်း အသိပေးထား သည်။

ယခုအခါ အဆိုပါကျေးရွာများနှင့် ရပ်ကွက်များသို့ တာဝန် ရှိသူများက ကားဖြင့်လှည့်လည်၍ မြစ်ရေမြင့်တက်လာနိုင်ခြင်းကြောင့် ရေဘေးအန္တရာယ်သတိထားနေထိုင်ရန် လိုက် လံနှိုးဆော်လျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here