မြန်မာ ပရိတ်သတ်များ နှစ်သက်သဘောကျသည့် ဦးကြည်လွင် လူငယ် မျိုးဆက်သစ် ရှာဖွေဖော်ထုတ်ရေး တာဝန်ခံအဖြစ် ဆောင်ရွက်မည်

0
53

မြန်မာဘောလုံးပရိတ်သတ်အများစု နှစ်သက်သဘောကျသည့် ဦးကြည်လွင်သည် လူငယ်မျိုးဆက်သစ် ရှာဖွေဖော်ထုတ်ရေး (Scouting) တာဝန်ခံအဖြစ် ယနေ့ စက်တင်ဘာ ၁၀ ရက်မှစတင်ကာ ခန့်အပ်တာဝန်ပေးခြင်း ခံရသည်။

မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်(MFF)သည် မျိုးဆက်သစ် မြန်မာ့လက်ရွေးစင် အမျိုးသား၊ အမျိုးသမီး လူငယ်ကစားသမားများ ရှာဖွေဖော်ထုတ်ရေးနှင့် သက်တမ်းအလိုက် မြန်မာ့လက်ရွေးစင် အသင်းများ အောင်မြင်မှုရရှိရေးအတွက် ဦးကြည်လွင်ကို ခန့်အပ်တာဝန်ပေးကြောင်း ကြေညာခြင်း ဖြစ်သည်။

ဦးကြည်လွင်သည် လိဂ်ပြိုင်ပွဲများ၊ MFF က ကျင်းပသည့် ယူ-၁၅၊ ယူ-၁၇ လိဂ်ပြိုင်ပွဲများ၊ သက်တမ်းအလိုက် ပြိုင်ပွဲများမှ လူငယ် ကစားသမားများအား အကဲဖြတ် လေ့လာမှုများ ပြုလုပ်ခြင်း၊ နှစ်စဉ်ဆောင်ရွက်နေသည့် လူငယ်နှင့်အကယ်ဒမီ ကစားသမား ရွေးချယ်ပွဲများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် ကျင်းပသည့် လူငယ်ပြိုင်ပွဲများမှ ထူးချွန်မျိုးဆက်သစ်များအား ရှာဖွေဖော်ထုတ်ခြင်း စသည့် Scouting လုပ်ငန်းများကို ဦးစီးဆောင်ရွက်သွားမည် ဟု သိရသည်။

ဦးကြည်လွင်သည် ၂၀၁၅ ဆီးဂိမ်းစ် ငွေတံဆိပ်ဆုရ မြန်မာ ယူ၂၃ အသင်းနည်းပြအဖြစ် အောင်မြင်ခဲ့ပြီး မြန်မာ့လက်ရွေးစင် အသင်း လက်ထောက်နည်းပြအဖြစ်လည်း ၂၀၀၆ မာဒေးကားဖလား ချန်ပီယံဆု ရရှိခဲ့သလို အာဆီယံ လူငယ်ပြိုင်ပွဲများတွင်လည်း ဝါရင့်နည်းပြများနှင့် တွဲဖက်၍ မြန်မာ လူငယ်အသင်းများအား အောင်မြင်မှုရရှိစေရန် စွမ်းဆောင်ခဲ့သူ ဖြစ်သည်။

ဦးကြည်လွင်သည် မလေးရှားကလပ် ပီရက်ခ် အသင်းတွင် ပရော်ဖက်ရှင်နယ် ကစားသမားအဖြစ်သွားရောက် ကစားခဲ့ကာ Malaysia FA Cup ချန်ပီယံအဖြစ် ဆွတ်ခူးပေးနိုင်ခဲ့သလို တရုတ်နိုင်ငံတွင်လည်း ပရောက်ဖက်ရှင်နယ် ကစားသမားအဖြစ် သွားရောက် ကစားခဲ့သူဖြစ်ပြီး မြန်မာနေရှင်နယ်လိဂ် ကလပ်အသင်း တစ်သင်းဖြစ်သည့် မကွေးအက်ဖ်စီ အသင်းကိုလည်း ဦးဆောင်တာဝန်ယူခဲ့သူ တစ်ဦးလည်း ဖြစ်သည်။

ထို့အပြင် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်သည် မြန်မာ့လက်ရွေးစင်ဘောလုံးသမားဟောင်း ဦးမျိုးလှိုင်ဝင်း ကိုလည်းလက်ရွေးစင်အမျိုးသားဘောလုံးအသင်း၏ နည်းပြအဖြစ်လည်း ယမန်နေ့က ခန့်အပ်ခဲ့ကြောင်း ကြေညာခဲ့သေးသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here