တရုတ်နိုင်ငံမှ ယွမ် ၅ သန်းတန်ဖိုးရှိ ရဲအသုံးအဆောင်ပစ္စည်းများအကူအညီပေးမည့်စာလွှာ လက်မှတ်ရေးထိုးခဲ့

0
95

မြန်မာ-တရုတ် နှစ်နိုင်ငံကြား ရဲတပ်ဖွဲ့ ပူးပေါင်းဆောင်ရွက်မှုဗဟိုဌာန ထူထောင်မှုဆိုင်ရာနားလည်မှုစာချွန်လွှာနှင့် တရုတ်ယွမ် ၅ သန်းတန်ဖိုးရှိ ရဲလုပ်ငန်းဆိုင်ရာ အသုံးအဆောင်ပစ္စည်းများအကူအညီပေးရေးစာလွှာတို့ကို စက်တင်ဘာ ၉ ရက်က မြန်မာနိုင်ငံ ပြည်ထဲရေးဝန်ကြီးဌာနနှင့် တရုတ်နိုင်ငံ ပြည်သူ့လုံခြုံရေးဆိုင်ရာဝန်ကြီးဌာနတို့အကြား လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။

နစက အဖွဲ့ဝင်၊ ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒု-ဗိုလ်ချုပ်ကြီးရာပြည့်သည် တရုတ်နိုင်ငံ၊ လျန်ယွင်ကန်မြို့၊ ဟိုင်ကျိုး(Haizhou) Bayview Conference Center ၌ကျင်းပခဲ့သည့် ၂၀၂၄ ခုနှစ်၊ ကမ္ဘာလုံးဆိုင်ရာ ပြည်သူ့လုံခြုံရေးပူးပေါင်းဆောင်ရွက်မှုဖိုရမ်သို့ တက်ရောက်သည့်ခရီးစဉ်တွင် တရုတ်နိုင်ငံ၊ ပြည်သူ့လုံခြုံရေးဆိုင်ရာဝန်ကြီးဌာန၊ ဝန်ကြီး မစ္စတာဝမ်ရှောင်ဟုန်နှင့်တွေ့ဆုံကာ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေးနှင့် နှစ်နိုင်ငံဝန်ကြီးဌာနနှစ်ခုကြား အပြုသဘောဆောင်သော ပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

ဒု-ဗိုလ်ချုပ်ကြီးရာပြည့်သည် ဖိုရမ်တွင် ကာလရှည်ကြာအကြမ်းဖက်မှုများနှင့်ပဋိပက္ခများကိုဖြစ်ပေါ်စေသော ရာဇဝတ်ဂိုဏ်းအုပ်စုများအား နိုင်ငံပေါင်းစုံပူးပေါင်းတိုက်ဖျက်ရေး၊ လူမှုဘဝတည်ငြိမ်ရေးနှင့် ပြည်သူတို့၏အသက်အိုးအိမ် ဘေးကင်းလုံခြုံမှုရှိစေရေးအတွက် တရားဥပဒေစိုးမိုးရေးနယ်ပယ်တွင် လက်တွေ့ဆန်သော ပူးပေါင်းဆောင်ရွက်မှုများပြုလုပ်ရေး၊ သမားရိုးကျနှင့်သမားရိုးကျမဟုတ်သော လုံခြုံရေးဆိုင်ရာစိန်ခေါ်မှုများကို အတူတကွ တိုက်ဖျက်ရေး အလေးထားဆောင်ရွက်သွားရေးတို့ကို ထည့်သွင်းဆွေးနွေးခဲ့သည်ဟု သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here