သောင်ရင်းမြစ်ရေ မြင့်တက်လာမှုကြောင့် မြဝတီမြို့တွင် ဒုတိယအကြိမ် ရေကြီး၊ ရေလျှံမှုနှင့် ရင်ဆိုင်နေရ

0
81

ကရင်ပြည်နယ်၊ မြဝတီမြို့တွင် စက်တင်ဘာ (၁၀) ရက်မှ စတင်၍ မိုးသည်းထန်စွာရွာသွန်းပြီး သောင်ရင်းမြစ်ရေ မြင့်တက်လာမှုကြောင့် ဒုတိယအကြိမ် ရေကြီး၊ ရေလျှံမှုနှင့် ရင်ဆိုင်နေရကြောင်း မြဝတိီမြို့ ဒေသခံများထံမှ သိရသည်။

သောင်ရင်းမြစ်ရေ မြင့်တက်လာမှုကြောင့် မြဝတီမြို့တွင် ယနေ့ စက်တင်ဘာ (၁၁)ရက် နံနက်ပိုင်းတွင် ထိုင်း-မြန်မာ ချစ်ကြည်ရေးအမှတ်(၁)တံတားအနီး၌ ရေကြီးရေလျှံမှုဖြစ်ပေါ်နေပြီး အနိမ့်ပိုင်း ရပ်ကွက်များအတွင်း ရေဝင်ရောက်လာကြောင်း ဒေသခံများနှင့် လူမှုကယ်ဆယ်ရေးအဖွဲ့များထံမှ သိရသည်။

မြဝတီမြို့နယ် အမှတ်(၁/၂/၃/၄/၅) ရပ်ကွက်များအတွင်းရှိ မြေနိမ့်ပိုင်းအချို့နေအိမ်များသို့ စက်တင်ဘာ (၁၀)ရက်မှ စတင်၍ ရေများဝင်ရောက်လျက်ရှိရာ မြဝတီခရိုင် မီးသတ်စခန်းမှ
ရှာကယ်စက်လှေ(၂)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်ဖွဲ့ဝင်များ၊ သက်ဆိုင်ရာအဖွဲ့အစည်းများဖြင့် ပူးပေါင်း၍ ရေဘေးသင့် ပြည်သူများအား ကယ်ဆယ်ရွှေ့ ပြောင်းခြင်းလုပ်ငန်းများဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထိုသို့ မြဝတီမြို့ ရပ်ကွက်လမ်းများပေါ်နှင့် အနိမ့်ပိုင်း ရပ်ကွက်အတွင်းရှိ နေအိမ်များသို့ ရေများဝင်ရောက်နေသည့်အတွက် ဒေသခံများမှ နီးစပ်ရာ ဘုန်းတော်ကြီးကျောင်းများသို့ အရေးပေါ် ပြောင်းရွှေ့နေရကြောင်း သိရသည်။

ထို့ပြင် ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့တွင်လည်း သောင်ရင်းမြစ်ရေ မြင့်တက်လာမှုကြောင့် မြေနိမ့်ပိုင်းဒေသများ၌ နေထိုင်ကြသူများအနေဖြင့် ရေဘေးအန္တရာယ် အထူးသတိထားကြရန် ထိုင်းနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့များမှ လိုက်လံနှိုးဆော်လျက်ရှိကြောင်းလည်း ဒေသတွင်း သတင်းများအရ သိရသည်။

မြန်မာပြည်တောင်ပိုင်းဒေသ မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်ရှိ ဘီးလင်းမြစ်ရေ၊ သံလွင်မြစ်ရေနှင့် သောင်ရင်းမြစ်ရေတို့မှာ ရက်ပိုင်းအတွင်း စိုးရိမ်ရေမှတ်နှင့် စိုးရိမ်ရေအမှတ်အ ထက်သို့ ရောက်ရှိနိုင်သည်ဟု မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ယနေ့ စက်တင်ဘာ (၁၁)ရက် နံနက်ပိုင်းက အသိပေး ထုတ်ပြန်ထားသည်။

လက်ရှိတွင် ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့ရှိ သောင်ရင်းမြစ်ရေမှာ ၃၁ ဒဿမ ၅၉ ပေ (၉၆၃စင်တီမီတာ) စိုးရိမ်ရေမှတ် အထက်သို့ (၂)ပေကျော်လွန်ရောက်ရှိနေပြီး၊ နောက်တစ်ရက်အတွင်း (၂)ပေခွဲခန့် မြင့်တက်လာနိုင်ကာ စိုးရိမ်ရေမှတ်အထက်တွင် ဆက်လက်ရှိနိုင်ကြောင်း မိုး/ဇလမှ အသိပေးထုတ်ပြန်ထားသည်။

ဓာတ်ပုံ – အင်တာနက်


LEAVE A REPLY

Please enter your comment!
Please enter your name here