မိုးများကာ ကလော‌‌ချောင်းရေ မြင့်တက်မှုကြောင့် ကလောမြို့တွင် မြို့‌ပေါ်ရပ်ကွက်များ ရေကြီးရေလျှံဖြစ်နေ

0
80

ယခုရက်သတ္တပတ်အတွင်း မိုးများကာ တောင်ကျချောင်းရေမြင့်တက်လာပြီး ကလောချောင်းရေ မြင့်တက်လာမှုကြောင့် ကလောမြို့ရှိ မြို့ပေါ်ရပ်ကွက်များ ရေကြီးရေလျှံမှုများ ဖြစ်ပွါးနေသည်။

လက်ရှိတွင် ကလောမြို့ မြို့နယ်ခန်းမ၊ မောမြေဦးပန်းခြံ၊ အထက ၁၊ ရပ်ကွက် ၃၊ ရပ်ကွက် ၄ ကလောဘူတာနှင့် တောင်ကြီးအသွားလမ်းနှင့် အင်ပြင်တို့တွင်လည်း တောင်ကျရေများ‌ကြောင့် ကလောချောင်းရေလျှံမှုဖြစ်ကာ ရေကြီးနစ်မြုပ်မှုများ ဖြစ်ပွါးလျက်ရှိကြောင်း သိရသည်။

“မနေ့ကဆို ယင်းမာပင်အကျော် ပြည်ညောင် ရေဘုတ်ဆုံ လမ်းဘေး တောင်ပြို ပြီး ချောင်းရေကြီးတာလည်း ရှိတယ်။ အခု ဒီနေ့က ကလောအဝင်မှာတင် မြေပြိုပြီး သစ်ပင်တွေလဲနေတယ်၊ ဆိုင်ကယ်တွေ သွားမရဘူး။” ဟု ကလောမြို့ခံတစ်ဦးက ပေါ်ပြူလာနယူးကို ပြောသည်။

တောင်များ ဝန်းရံထားသည့် မြို့ဖြစ်သည်နှင့်အညီ တောင်ကျရေများသည် လျင်မြန်စွာ များပြားလာသောကြောင့် သူ့တသက်ပင်မကြုံဖူးသေးသည့် စံချိန်တင် ရေကြီးရေလျှံမှုကို ကြုံနေရသည်ဟု ကလောမြို့ခံ ခရီးသွားလုပ်ငန်း လုပ်ကိုင်သူ လူငယ်တစ်ဦးကလည်း မှတ်ချက်ပေးသည်။

“ကားလက်မှတ်တွေ cancel ကုန်တာရှိတယ်၊ ကားလိုင်းတွေကတော့ အခြေအနေကြည့်နေကြတုန်းပါ” ဟု သူက ပေါ်ပြူလာနယူးကို ပြောသည်။

အထူးသဖြင့် ကလောမြို့အဝင် ရေယားအတက်အဆင်း တလျှောက် မြေပြို သစ်ပင်လဲ ရေကြီးနေကာ ကားကြီး ကားငယ်များ ဖြည်းဖြည်းချင်း မောင်းလာရန်လိုအပ်ကြောင်းလည်း သူက အသိပေးသည်။

ထိုနည်းတူ ယာဂီမုန်တိုင်းအရှိန်ကြောင့် ရှမ်းပြည်နယ်အတွင်းရှိ ဒေသအချို့တွင် ယမန်နေ့ စက်တင်ဘာ (၁၀) နံနက်ပိုင်းမှစတင်၍ ရေကြီးရေလျှံမှုများဖြစ်ပွားလျှက်ရှိပြီး လမ်းပိုင်းအချို့တွင်လည်း မြေပြိုခြင်း ၊ ရေကျော်ခြင်းများ ဖြစ်ပွားနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များထံမှ သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here