ဘီးလင်းမြစ်ရေမြင့်တက်လာသဖြင့် အိမ်ထောင်စု (၃၀)ကျော် ရေလွတ်ရာသို့ ရွှေ့ပြောင်း

0
105

ဘီးလင်းမြစ်ရေ မြင့်တက်လာသဖြင့် မြစ်နဘေးအနီးနေထိုင်သည့် အိမ်ထောင်စု (၃၀)ကျော်ကို ယနေ့ စက်တင်ဘာ(၁၁) ရက်၌ ရေဘေးလွတ်ရာသို့ ယာယီရွှေ့ပြောင်းထားရကြောင်း ‌မြေပြင်ကူညီဆောင်ရွက်နေသည့် သတင်းရင်းမြစ်တစ်ဦးက ပေါ်ပြူလာနယူးစ်ကိုပြောသည်။

အဆိုပါ အိမ်ထောင်စု (၃၀)ကျော်ကို ဘီးလင်း အားကစားကွင်းအနီးရှိ ဘုန်းကြီးကျောင်းတစ်ကျောင်းတွင် နေရာချပေးထားပြီးဖြစ်ကြောင်း ဆိုသည်။

“မြစ်ဘေး က အိမ်တွေရေဝင်လို့ ယာယီရွှေ့ပြောင်းထားပေးပါတယ်။ မိုးတွင်းတော့ ရေမရောက်သေးဘူး။ စောင့်ကြည့်အနေအထားပါ။ နောက်ရက်တွေ ရေဝင်ခဲ့ရင်တော့ ကယ်ဆယ်ရေးတွေလုပ်ဖို့ ပြင်ဆင်ထားပါတယ်”ဟု ၎င်းက ဆိုသည်။

ယနေ့တွင်ရန်ကုန်-မော်လမြိုင်သွားကားလမ်းပေါ် ယာဉ်များ ပုံမှန်သွားလာနိုင်ရေး၊ လမ်းပိတ်ဆို့မှု မဖြစ်ပေါ်စေရေးအတွက် မြို့နယ်လမ်းဦးစီးဌာန၊ မြို့နယ်မီးသတ်ဦးစီးဌာန၊ မြို့နယ်ယာဉ်ထိန်းတပ်ဖွဲ့ဝင်များ၊ လူမှုကူညီရေးအဖွဲ့နှင့် ရွှေသံလွင်ကုမ္ပဏီတို့ ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ယနေ့ စက်တင်ဘာလ (၁၁) ရက်နေ့ တိုင်းတာချက်အရ ဘီးလင်းမြစ်၏ စိုးရိမ်ရေအမှတ် (၁၀၂၂) စင်တီမီတာအောက် (၁၀၁၀) စင်တီမီတာသို့ ရောက်ရှိနေကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here