မြန်မာပြည်သူများကို ထောက်ပံ့ကူညီရန် မဆုတ်မနစ်ဆက်လက်ရပ်တည်သွားမည်ဟု ICRC ဥက္ကဌပြော

0
87

မြန်မာပြည်သူများကို ထောက်ပံ့ကူညီရန် အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ (ICRC)က မဆုတ်မနစ်ဆက်လက် ရပ်တည်သွားမည်ဖြစ်ကြောင်းနှင့် နိုင်ငံအတွင်း အဆောတလျင်လိုအပ်လျက်ရှိသည့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ လိုအပ်ချက်များကို ဖြည့်ဆည့်ဆောင်ရွက်ပေးမည်ဟု ICRC ဥက္ကဌ Mirjana Spoljaric က ပြောသည်။

အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီဥက္ကဌ ၏ ယခုလ စက်တင်ဘာ (၅) ရက်နေ့မှ(၉)ရက်နေ့အထိ မြန်မာနိုင်ငံသို့လာရောက်သည့် ခရီးစဉ်အတွင်းထိုသို့ပြောကြားခဲ့ခြင်းဖြစ်သည်။

“မြန်မာပြည်သူတွေကိုထောက်ပံ့ကူညီဖို့ဆိုတဲ့ ICRC ရဲ့သန္နိဌာန်က မဆုတ်မနစ် ဆက်လက်ရပ်တည်နေမှာပါ ကျွန်မတို့အနေနဲ့ ပဋိပက္ခ မှာပါဝင်တဲ့ အဖွဲ့စည်းတွေအားလုံးနဲ့ နှစ်ဦးနှစ်ဖက်အကြား အတွင်းရေးကိစ္စအဖြင့်သတ်မှတ်ထားရှိတဲ့ ဆွေးနွေးပြောဆိုမှုတွေကို ဆောင်ရွက်ရာမှာ အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာထောက်ထားမှုဥပဒေကို လေးစားလိုက်နာကြဖို့နဲ့ အရပ်သားပြည်သူတွေနဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာလုပ်ငန်း ဆောင်ရွက်နေသူတွေ ဘေးကင်းလုံခြုံစေဖို့အတွက် သူတို့မှာရှိတဲ့တာဝန်ဝတ္တရားတွေကို အသိပေးပြောဆိုမှုတွေပြုလုပ်ပါတယ်” ဟု၎င်းကဆိုသည်။

၎င်း၏ခရီးစဉ်အတွင်း နစက ဥက္ကဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် နှင့်တွေ့ဆုံစဉ်တွင်လည်း လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများကို ပိုမိုပေးလိုသည့် ICRC ၏ရည်ရွယ်ချက်နှင့် ယင်း၏ဆောင်ရွက်ပေးနိုင်စွမ်းနှင့်စပ်လျဉ်း၍ ဆွေးနွေးပြောဆိုခဲ့သည့်အပြင် ပဋိပက္ခဒဏ်ခံနေရသည့် ဒေသများသို့ သွားရောက်ခွင့်ကို ရရှိနိုင်ရန် တိုက်တွန်းခဲ့ကြောင်း ICRC ၏အသိပေးချက်တွင်ဖော်ပြထားသည်။

ယင်းအပြင် ICRC ၏ ကြားနေသည့်အခန်းကဏ္ဍနှင့် အကူညီလိုအပ်မှုများ အများဆုံးရှိနေသည့် လူထုထံသို့ သွားရောက်နိုင်ရေးအတွက် အထူးပြောကြားခဲ့သည်ဟု ဆိုထားသည်။

ICRC အနေဖြင့်ခက်ခဲသည့်စိန်ခေါ်မှုများရှိနေသော်လည်း အထူးသဖြင့် ရှမ်း၊ကချင်၊ရခိုင် မြန်မာနိုင်ငံအလယ်ပိုင်းနှင့်ချင်း၊ကယားနှင့် ကရင်ပြည်နယ်တို့ရှိ ပဋိပက္ခဒဏ်ခံနေရသည့် ဒေသခံပြည်သူများထံသို့ သွားရောက်ကူညီပံ့ပိုးရန်သန္နိဌာန်ချထားကြောင်းဆိုသည်။

ICRC ဥက္ကဌ၏ ယခုမြန်မာနိုင်ငံခရီးစဉ်အတွင်း လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ လိုအပ်ချက်များကို မျက်မြင်ကိုယ်တွေ့သိရှိနိုင်ရန် ရခိုင်ပြည်နယ်အတွင်းသို့ သွားရောက်ခဲ့သည်ဟု လည်းအသိပေးချက်တွင် ပါရှိသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here