နေပြည်တော်တွင် ရေကြီးမှုကြောင့် လျှပ်စစ်မီးဖြတ်တောက်ထားရဟု ဒေသခံများပြော

0
56

ယာဂီမုန်တိုင်းအရှိန်ကြောင့် နေပြည်တော်ကောင်စီနယ်မြေနှင့် တပ်ကုန်းမြို့နယ်အတွင်းရှိကျေးရွာအချို့တွင် စက်တင်ဘာ (၁၁) ရက်မှစတင်ကာ တောင်ကျချောင်းရေကြောင့် ရေ နစ်မြုပ်မှုဖြစ်ပွားခဲ့ပြီးနောက် လျှပ်စစ်မီးဖြတ်တောက်ထားရကြောင်းလည်း ဒေသခံများ၏ ပြောပြချက်အရ သိရသည်။

ယခုအခါ ‌မုန်တိုင်းအရှိ‌န်ကြောင့် နိုင်ငံတစ်ဝန်း မိုးသည်းထန်စွာ ရွာသွန်းနေပြီး နေပြည်တော်၊ မန္တလေးတိုင်း၊ ပဲခူးတိုင်း၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် ရှမ်းပြည်နယ်အတွင်းရှိ ဒေသအချို့တွင် ရေကြီးရေလျှံမှုများနှင့် ကြုံတွေ့နေရကြောင်း သိရသည်။

နေပြည်တော် ကောင်စီနယ်မြေနှင့် အနီးတဝိုက်ကျေးရွာများ ၌ စက်တင်ဘာလ (၁၁)ရက် နံနက်ပိုင်းကစတင်ပြီး နေအိမ်ထောင်နှင့်ချီ ရေနစ်မြုပ်နေပြီဖြစ်ကာ ကူညီကယ်ဆယ်ရေးများလည်း လိုအပ်နေသေးကြောင်း သိရသည်။

” တောင်ကျချောင်းရေကြောင့် ရေနစ်မြုပ်တာ။ တချို့တွေက လိုင်းပေါ်မှာ ဆည်တွေကျိုးနေပြီ ဘာညာလျှောက်ပြောနေတာ။တောင်ကျချောင်းရေကြောင့်ဖြစ်တာ။ အခုမီးဖြတ်ထားတယ်။ ဖုန်းလိုင်းက ရတချက် မရတချက်ဖြစ်နေတယ်။ WiFi တွေက လုံးဝဖြတ်ထားတယ်။ ဒေတာတွေတော့ ရနေသေးတယ်။ မနေ့ကဆိုရင် တောင်ကျချောင်းရေတွေတအားစီးတော့ မိသားစုတစ်စုဆို မျောသွားတာ။ ကံကောင်းလို့ ကယ်လိုက်နိုင်တယ်”ဟု နေပြည်တော်ပုဗ္ဗသီရိမြို့နယ်ရှိ ဒေသခံတစ်ဦးက ပေါ်ပြူလာနယူးစ်သို့ ပြောသည်။

ထို့ပြင် နစက မှ နေပြည်တော်နှင့် ပျဉ်းမနားမြို့ရှိ အနိမ့်ပိုင်းရပ်ကွက်များတွင် နေထိုင်သူများအနေဖြင့် ငလိုက်ချောင်း၊ ဆင်‌ေ-သချောင်းနှင့် ပေါင်းလောင်းမြစ်များတွင်ရေမြင့်တက်နေခြင်းကြောင့် ရေဘေးသတိထားရန် အသိပေးထုတ်ပြန်ထားသည်။

ယင်းအပြင် ရေစမြုပ်နေသည့် ‌အခြားဒေသများတွင်လည်း ဒေသခံ သောင်းနှင့်ချီ ဒုက္ခရောက်နေပြီး ပိတ်မိသူများ ရှိနေသေးသည့်အတွက် အရေးပေါ် အကူအညီများ လိုအပ်နေသေးကြောင်း ကူညီကယ်ဆယ်ရေးလုပ်ကိုင်သူများ၏ ပြောပြချက်အရ သိရသည်။

ယာဂီမုန်တိုင်းအရှိန်ကြောင့် မိုးသည်းထန်စွာရွာသွန်းခဲ့ကာ နိုင်ငံတစ်ဝန်းရှိ မြို့ပေါင်း (၁၀) မြို့ထက်မနည်း ရေနစ်မြုပ်နေကြောင်း ဒေသခံလူမှုကူညီရေးအသင်းများထံမှ သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here