ဘားအံ – ရန်ကုန်၊ ဘားအံ-မော်လမြိုင်ကားများ ပြေးဆွဲမှုရပ်နားထားရ

0
66

ဘားအံမြို့တွင် သံလွင်မြစ်ရေ မြင့်တက်နေမှုကြောင့် ဘားအံ -ရန်ကုန်၊ ဘားအံ-မော်လမြိုင်ကားများ ပြေးဆွဲမှုရပ်နားထားကြောင်း ယာဉ်လိုင်းများမှစုံစမ်း သိရှိရသည်။

စက်တင်ဘာလ (၁၄) ရက်၊ နံနက်တိုင်းတာချက်အရ သံလွင်မြစ်ရေသည် ဘားအံမြို့၏ စိုးရိမ်ရေမှတ်အထက် ကျော်လွန်ကာ ၉၆၈ စင်တီမီတာ အထိရောက်ရှိသွားပြီဖြစ်ကြောင်း သိရသည်။

” ကားလက်မှတ်ဖိုးတွေ ပြန်အမ်းပေးထားတယ်။ ကားလမ်းရေကျော်နေတော့ သွားလို့မရဘူး။ အခုခဏရပ်ထားတယ်” ဟု ဘားအံသို့ပြေးဆွဲပေးနေသည့် ယာဉ်လိုင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ကမ်းနားလမ်းမကြီး အပါအဝင် အခြားလမ်းမကြီးနေရာအတော်များများတွင်လည်း လမ်းရေအလွန်ကျော်နေသည့်အတွက် ကားများသွားလာလို့မရနိုင်တော့ပဲ ဘားအံ-ရန်ကုန်၊ ဘားအံ-မော်လမြိုင်ကားများသည်လည်း ယခုအချိန်ပြေးမဆွဲတော့ဘဲ ရပ်နားထားခြင်းဖြစ်သည်။

သံလွင် မြစ်ရေသည် ဆက်လက်မြင့်တက်လျက်ရှိနေပြီး ရေဘေးစခန်းအပါအဝင် စားနပ်ရိက္ခာနှင့် ဆေးဝါးများ လိုအပ်လျက်ရှိနေကြောင်း သိရသည်။

ထို့အတူ ဘားအံမြို့နယ်ဖြစ်သော မိစံနှင့် လှိုင်းဘွဲမြို့နယ်ရှိ ရွှေဂွန်းတို့တွင်လည်း အလားတူ ရေကြီးမှုများဖြစ်ပေါ်နေပြီး ကယ်ဆယ်ရေးအပါအဝင် စားနပ်ရိက္ခာများပါ လိုအပ်နေကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here