ရန်ကုန်တွင် ရေဘေးနှင့်ပတ်သက်၍ စိုးရိမ်စရာမရှိဟုဆို

0
121

စက်တင်ဘာ (၁၃)ရက်နှင့် (၁၄) ရက်တွင် ကုန်းတွင်းလေဖိအားနည်းရပ်ဝန်း ပြန်ဖြစ်လာပြီး အနောက်တောင် မုတ်သုန်လေ အားကောင်းလာမည်ဖြစ်ကာ ရန်ကုန်အပါအဝင် အချို့သော ဒေသများတွင် မိုးများလာနိုင်ကြောင်း ထုတ်ပြန်ချက်ကို အခြေခံ၍ လူမှုကွန်ရက်တွင် ရန်ကုန်၌ ရေကြီးမည်ဟုဆိုကာ ရေးသားနေကြခြင်းကြောင့် ပြည်သူများစိုးရိမ်နေကြောင်း စုံစမ်းသိရှိရသည်။

ရန်ကုန်တွင် ရေဘေးနှင့်ပတ်သက်၍ စိုးရိမ်စရာမရှိသည့်အခြေအနေကို ပြင်ပမိုးလေဝသပညာရှင် ဦးဝင်းနိုင်က လူမှုကွန်ယက်မှတစ်ဆင့် အသိပေးရေးသားထားသည်။

ရန်ကုန်ကို စိုးရိမ်နေကြသူများအတွက် ဟု ဆိုကာ “ရန်ကုန်ကို ဘယ်မြစ် ဘယ်ချောင်းတွေက ရေလာမလဲ အရင်စဉ်းစားပါ။ အနောက်ဘက်မှာ လှိုင်မြစ်ရှိတယ် ၊ ရေတက်နေတယ်။ အလယ်ခေါင်မှာ ငမိုးရိပ်ချောင်းရှိတယ်။ အများကြီးမတက်သေးဘူး။ ပဲခူးမြစ်ရေနဲ့ စစ်တောင်းတူးမြောင်းက လာမယ့်ရေ ပဲခူးမြစ်ထဲရောက်မယ်။ သန်လျင်ဘက်အခြမ်းနဲ့ ဒဂုံဆိပ်ကမ်းမြို့နယ်လို နေရာတွေတော့ မြေနိမ့်ရင် ရေတက်နိုင်မယ်။ မိုးမများရင် (၁၇)ရက်နဲ့ (၂၁)ရက်အ တွင်း ဒီရေတက်လည်း မှုစရာမရှိပါ” ဟု ၎င်းကဆိုသည်။

ထို့အပြင် လေဖိအားနည်းရပ်ဝန်းသည် အိန္ဒိယနိုင်ငံကုန်းတွင်းထဲဝင်ကာ မြန်မာနိုင်ငံနှင့် ဝေးသွားမည့်အတွက် လက်ရှိဖြစ်နေသည့် လေဖိအားနည်းရပ်ဝန်း၊ မုန်တိုင်းငယ်မှ ရွာနိုင်မယ့် မိုးသည် စက်တင်ဘာ (၂၃) ရက်အထိ မများနိုင်ကြောင်းလည်း ၎င်းကဆိုသည်။

ထို့ကြောင့် ရန်ကုန်တစ်မြို့လုံး ရေမြုပ်နိုင်/မမြုပ်နိုင် ကိုသေချာစဉ်းစားကြည့်၍ ရနိုင်ကြောင်း သတိပေးထားသည်။

ယမန်နေ့ ညပိုင်းကလည်း ငမိုးရိပ်ဆည် ဖောက်ချမည်ဟု မဟုတ်မမှန်သတင်းများ လူမှုကွန်ယက်တွင် ဖြန့်ဝေကာ ပြည်သူများ အထိတ်တလန့်ဖြစ်စေရန် ရေးသားမှုများ ရှိခဲ့သည့်အတွက် ဒဂုံမြို့သစ် (၄)မြို့နယ်တွင် နေထိုင်သည့် ပြည်သူများ အထိတ်တလန့် ဖြစ်ပေါ်ခဲ့ရသေးသည်။

လက်ရှိတွင် နေပြည်တော်အပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ် (၇) ခုတွင် မြို့နယ် (၃၄) မြို့နယ်၌ ရေကြီးရေလျှံမှု ဖြစ်ပွားနေပြီး လူဦးရေ ၂၃၀၀၀၀ ကျော် ရေဘေးသင့်နေကြောင်း နစကထုတ်ပြန်ချက်အရ သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here