သံလွင်မြစ်ရေ မြင့်တက်မှုဖြစ်စဉ်ကြောင့် ဒေသခံပြည်သူ (၉,၀၀၀) ကျော်အား ရေဘေးရှောင်စခန်း (၂၂) နေရာသို့ ပြောင်းရွှေ့ထား

0
33

သံလွင်မြစ်ရေ မြင့်တက်မှုဖြစ်စဉ်ကြောင့် ဘားအံမြို့ ဒေသခံပြည်သူ(၉,၀၀၀) ကျော်ကို ယမန်နေ့ စက်တင်ဘာ (၁၄) ရက်အထိ ရေဘေးရှောင်စခန်း(၂၂) နေရာသို့ ပြောင်းရွှေ့ပေးထားရကြောင်း သိရသည်။

အဆိုပါ ရေဘေးရှောင်စခန်းများမှာ ဘားအံမြို့တွင် (၁၅) နေရာနှင့် ကျေးရွာ (၇)ရွာတို့တွင် ယာယီကယ်ဆယ်ရေးစခန်းများ ဖွင့်လှစ်ပြောင်းရွှေ့ထားရခြင်း ဖြစ်သည်။

ဒေသခံပြည်သူများ ရေဘေးလွတ်ရာသို့ ပြောင်းရွှေ့နိုင်ရေးအတွက် တပ်မတော်သားများ၊ ခရိုင်၊ မြို့နယ်သဘာဝဘေးစီမံခန့်ခွဲမှုကော်မတီအဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းတို့မှ ရေဘေးသင့်အိမ်ထောင်စု (၂,၀ ၉၉) စု၊ အမျိုးသား (၄,၄၀၀) ဦး၊ အမျိုးသမီး (၄,၈၉၅) ဦး စုစုပေါင်း (၉,၂၉၅) ဦးတို့ကိုပြောင်းရွှေ့ပေးထားရခြင်းဖြစ်ကြောင်း သိရသည်။

ရေဘေးသင့်ပြည်သူများအား ပြည်နယ်အစိုးရအဖွဲ့နှင့် အလှူရှင်များမှ ဆန်ရိက္ခာများ၊ ကြက်ဥ၊ ခေါက်ဆွဲခြောက်များနှင့် ရေသန့်များ၊ ထမင်းဟင်းများ ပေးအပ်လှူဒါန်းထောက်ပံ့ပေးလျက်ရှိပြီး ဘားအံမြို့နယ်၊ ပြည်သူ့ကျန်းမာရေးဦးစီး ဌာနမှ ရေဘေးသင့်ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရသည်။

ဘားအံမြို့တွင် မိုးအဆက်မပြတ်ရွာသွန်းပြီး သံလွင်မြစ်ရေမြင့်တက်လာမှုများကြောင့် စိုးရိမ်ရေအမှတ် (၇၅၀) စင်တီမီတာအထက် ကျော်လွန်ကာ (၉၆၈) စင်တီမီတာသို့ ရောက်ရှိပြီး ၊ မြေနိမ့်ပိုင်းရပ်ကွက်များနှင့် လူနေအိမ်များသို့ ရေဝင်ရောက်လျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here