ရေဘေးကြောင့် ယာယီပိတ်ထားရသည့် စာသင်ကျောင်းများအပါအဝင် ဌာနဆိုင်ရာရုံးများကို အမြန်ဆုံးပြန်ဖွင့်နိုင်ရေး ဆောင်ရွက်ရမည်

0
43

ရေဘေးဖြစ်ပွားခဲ့သည့်ဒေသများ၌ ယာယီပိတ်ထားရသည့် စာသင်ကျောင်းများအပါအဝင် ဌာနဆိုင်ရာရုံးများကို အမြန်ဆုံးပြန်လည်ဖွင့်လှစ်နိုင်ရန်ဆောင်ရွက်ရမည်ဟု အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ၊ နစက ဒု-ဥက္ကဋ္ဌ၊ ဒု-ဗိုလ်ချုပ်မှူးကြီးစိုးဝင်းက စက်တင်ဘာ ၁၆ ရက်မွန်းလွဲပိုင်းကကျင်းပခဲ့သည့် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီအ စည်းအဝေး(၂/၂၀၂၄)သို့တက်ရောက်စဉ် မှာကြားခဲ့ခြင်းဖြစ်သည်။

“ရေဘေးဖြစ်ပွားခဲ့တဲ့ ဒေသတွေမှာ ယာယီပိတ်ထားရတဲ့ စာသင်ကျောင်းတွေနဲ့ရုံးဌာနတွေ ဆေးရုံတွေကို အမြန်ဆုံးပြန်ဖွင့်နိုင်ဖို့အတွက် တာဝန်ရှိတဲ့ အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်ရပါမယ်”ဟု ၎င်းက ဆိုသည်။

ထို့ပြင် ရေဘေးသင့်ပြည်သူများအတွက် စေတနာရှင်များကလှူဒါန်းသည့် အလှူငွေများနှင့် ပစ္စည်းများကို စနစ်တကျစီမံထားရမည်ဖြစ်ကာ ရေဘေးသင့်ပြည်သူများကို မျှမျှတတရရှိစေရေးအတွက်ဖြန့်ခွဲပေးရမည်ဖြစ်ပြီး နိုင်ငံတော်အနေဖြင့် အလှူရှင်များမရောက်နိုင်သည့် အချို့ရေဘေးသင့်ယာယီကယ်ဆယ်ရေးစခန်းများအပါအဝင် ယာယီသဘာဝဘေးအန္တရာယ်ကယ်ဆယ်ရေးစခန်းများသို့ ကျန်းမာရေးနှင့်ညီညွတ်သည့် အ‌ခြေခံအစားအစာ ၅ မျိုးနှင့်သောက်သုံးရေများ ပို့ဆောင်ပေးလျက်ရှိသည်ဟု ပြောသည်။

“ရေဘေးသင့်ပြည်သူတွေကို အားပေးစကားပြောပြီး လိုအပ်ချက်တွေကို အဓိကထားပြီးပံ့ပိုးပေးရပါမယ်။ ဆည်မြောင်းတာတမံတွေနဲ့ပတ်သက်ပြီး ပြည်သူများစိုးရိမ်ပူပန်မှုမရှိစေဖို့အတွက် ရှင်းလင်းပြောကြားရပါမယ်”ဟု ဒု-ဗိုလ်ချုပ်မှူးကြီးစိုးဝင်းကပြောသည်။

ထို့ပြင် တိုင်းနှင့်ပြည်နယ်စီမံခန့်ခွဲမှုအဖွဲ့များ အနေဖြင့် ကယ်ဆယ်ရေးစခန်းများသို့သွားရောက်ရာတွင် သန့်ရှင်းသောသောက်သုံးရေရရှိရေးနှင့် ကျန်းမာရေးနှင့်ညီညွတ်ပြီး အာဟာရဖြစ်စေမည့် အစားအသောက်များရရှိရေးတို့အတွက် ဆောင်ရွက်ပေးရမည်ဟု မှာကြားခဲ့သည်ဟု သိရှိရသည်။

စက်တင်ဘာလ ၁၆ ရက် ညနေ ၄ နာရီအထိ ကောက်ယူရရှိသော စာရင်းများအရ နေပြည်တော်ကောင်စီနယ်မြေ၊ ကရင်ပြည်နယ်၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်နှင့် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မြို့နယ် ၈၄ မြို့နယ်တို့တွင် အခြေခံအဆောက်အဦ၊ ကောက်ပဲသီးနှံနှင့် တိရိစ္ဆာန်များ ထိခိုက်ပျက်စီးမှုများအနေဖြင့် ရုံး/ဌာန အဆောက်အဦ ၁၁၇ လုံး၊ စာသင်ကျောင်း ၁၀၄၀ ကျောင်း၊ ဘာသာရေး အဆောက်အဦ ၃၈၆ လုံး၊ လမ်း/တံတားအချို့၊ လျှပ်စစ်မီးတိုင်နှင့် ဆက်သွယ်ရေး တိုင်များ ရေဝင်နစ်မြှုပ်ခြင်း၊ ထိခိုက်ပျက်စီးခြင်းများ ဖြစ်ပေါ်ခဲ့ပြီး တိရိစ္ဆာန်မျိုးစုံ စုစုပေါင်း ၁၂၈၃၄၄ ကောင်‌ေ-သဆုံးခဲ့ပြီး စပါးနှင့် သီးနှံမျိုးစုံစိုက်ဧက ၆၄၃၀၈၁ ဧက ရေဝင်နစ်မြှုပ်ခဲ့ကြောင်း သတင်းရရှိသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here