ကာ့စ်ဒေသရှိရွာနှစ်ရွာကိုပြန်သိမ်းနိုင်ခဲ့ဟု ရုရှားပြောကြား

0
59

မော်စကို၊စက်တင်ဘာ ၁၆

ရုရှားနိုင်ငံအနောက်ဘက် ကာ့စ်ဒေသသို့ ယူကရိန်းက ထိုးစစ်ဆင်တိုက်ခိုက်ခဲ့မှုအပေါ် တန်ပြန်ထိုးစစ်ဆင်ပြီး ရွာနှစ်ရွာကို ပြန်ယူထားနိုင်ကြောင်း ရုရှားကပြောကြားခဲ့သည်။

ယူကရိန်းတပ်များသည် ရုရှားပိုင်နက်ကာ့စ်ဒေသထဲသို့ ပထမဆုံးအကြိမ်အဖြစ် ဩဂုတ်လ ၆ ရက်နေ့က စတင်ထိုးစစ်ဆင်ခဲ့ပြီး ယင်းထိုးစစ်သည် မော်စကိုကိုလည်းအံ့အားသင့်စေခဲ့သည့် ထိုးစစ်တစ်ခုဖြစ်လာခဲ့သည်။

ရုရှားမှအကြီးတန်းတပ်မှူးတစ်ဦးနှင့် ခရမ်မလင်စစ်ကိုထောက်ခံလိုလားသူ ဘလော့ဂါအချို့ကမူ မော်စကိုသည် ကျေးရွာပေါင်း ၁၀ ရွာခန့် ကိုပြန်သိမ်းထားနိုင်ပြီဖြစ်ကြောင်းပြောကြားခဲ့သော်လည်း အတည်ပြုနိုင်ခြင်းမရှိသေးပေ။

ယူကရိန်းကမူ ၎င်း၏တပ်ဖွဲ့များအနေဖြင့် ဧရိယာစတုရန်းကီလိုမီတာပေါင်း ၁,၃၀၀ ကျော်ရှိသည့် ကာ့စ်ဒေသရှိ ရွာပေါင်း ၁၀၀ ခန့်ကို ထိန်းချုပ်ထားနိုင်ပြီဖြစ်ကြောင်းပြောကြားခဲ့သော်လည်း ရုရှားသတင်းရင်းမြစ်များက အဆိုပါအချက်ကို ငြင်းဆိုခဲ့ကြသည်။

ယူကရိန်းက ကာ့စ်ဒေသသို့ထိုးစစ်ဆင်နေသလို ရုရှားကလည်း ယူကရိန်းအရှေ့ပိုင်းရှိဒေသများအား ထိုးစစ်ဆင်နေလျက်ရှိပြီး အဆိုပါဒေသကို ရုရှားသိမ်းနိုင်သွားပါက ယူကရိန်းတပ်ဖွဲ့များအတွက် လက်နက်နှင့်ရိက္ခာအဓိကထောက်ပံ့ပေးနေသည့် ရထားလမ်းနှင့်ထောက်ပံ့ပို့ဆောင်ရေးလမ်းကြောင်းကို အဟန့်အတားဖြစ်သွားစေမည်ဖြစ်သည်။

သမ္မတဇလန်းစကီးက ၎င်းတို့၏ ကာ့စ်ဒေသသို့ထိုးစစ်ဆင်မှုသည် ရုရှားတပ်များအတွက် ယူကရိန်းအရှေ့ပိုင်းသို့ထိုးစစ်ဆင်မှုကိုနှောင့်နှေးစေသည်ဟုဆိုသော်လည်း ပူတင်ကမူ ကာ့စ်ဒေသသို့ဦးတည်ထိုးစစ်ဆင်နေသဖြင့် အရှေ့ပိုင်းဒေသများတွင် ယူကရိန်းကိုခံစစ်အားနည်းစေသည်ဟုသာပြောကြားခဲ့သည်။

Source : ရိုက်တာ/အီးစီ


LEAVE A REPLY

Please enter your comment!
Please enter your name here