လုပ်ကြံရန် ကြိုးပမ်းမှုများနှင့် ပတ်သက်၍ ဘိုင်ဒင်နှင့် ဟဲရစ်တို့၏ အပြောအဆိုကို ထရန့် အပြစ်တင်

0
89

သူ့ကို ပစ်မှတ်ထားကာ ဒုတိယအကြိမ်မြောက် လုပ်ကြံသ–တ်ဖြ–တ်ရန် ကြိုးပမ်းသည့် အခြေအနေတစ်ခုပေါ်ပေါက်ခဲ့ပြီးနောက် တနင်္လာနေ့တွင် ဒေါ်နယ်ထရန့်က သူ၏ ရွေးကောက်ပွဲ ပြိုင်ဘက် ကင်မ်မလာ ဟဲရစ်နှင့် အမေရိကန် သမ္မတ ဂျိုးဘိုင်ဒင်တို့ကို အပြစ်ဆိုခဲ့ပြီး သူသည် ဒီမိုကရေစီကို အန္တရာယ်ဖြစ်စေသူဟူသော သူတို့နှစ်ဦး၏ အပြောအဆိုများက ယခုကဲ့သို့ ဖြစ်ရပ်များအတွက် အပြစ်တင်စရာဖြစ်သည်ဟု ဆိုခဲ့သည်။

ဖလော်ရီဒါတွင် ဂေါက်သီးရိုက်ကစားနေသည့် ရီပတ်ဘလီကန် သမ္မတလောင်းကို အမျိုးသားတစ်ဦးက ပစ်ခတ်ရန် ကြံစည်ခဲ့သည်ဟူသော တနင်္ဂနွေနေ့က အဖြစ်အပျက်သည် ထရန့်၏ လျင်မြန်သော နိုင်ငံရေးလှုပ်ရှားမှုအရ သမ္မတ ရွေးကောက်ပွဲကျင်းပရန် သီတင်းပတ် ၇ ပတ်အလိုတွင် တင်းမာမှုများ ဆက်လက်ကြီးထွားလာမည်ကို သေချာစေခဲ့သည်။

ဘိုင်ဒင်နှင့် ဟဲရစ်တို့ နှစ်ဦးစလုံးက လုပ်ကြံရန် ကြံစည်ခဲ့သည့် ဖြစ်ရပ်ကိုရှုတ်ချခဲ့ကြသည်။

West Palm Beach ရှိ ထရန့်၏ ဂေါက်ကွင်း အစပ်တွင် ချေမှုန်းရေးရိုင်ဖယ်တစ်လက်ဖြင့် ပုန်းအောင်းနေခဲ့သည့် အမျိုးသားကို တွေ့ရှိခဲ့ပြီး မကြာခင်ပင် ဖမ်းဆီးရမိခဲ့ကာ သူသည် အသက် ၅၈ နှစ်အရွယ် ရိုင်ယန် ဝက်စလေ ရောက်သ် ဖြစ်သည်ဟု ရဲတပ်ဖွဲ့ ထုတ်ဖော်ပြောကြားသည်။ အမေရိကန် လျှို့ဝှက်ထောက်လှမ်းရေး အေးဂျင့်များက ပစ်ခတ်မှုလုပ်ခဲ့ပြီးနောက် သူသည် ပုန်းအောင်းနေသည့် နေရာမှ ထွက်ပြေးခဲ့သော်လည်း နောက်ပိုင်းတွင် အသာတကြည် အဖမ်းခံခဲ့သည်။

တနင်္လာနေ့တွင် ရောက်သ်ကို ရုံးထုတ်ခဲ့ပြီး သူ့ကို တရားမဝင် လက်နက်ကိုင်ဆောင်မှုဖြင့် တရားစွဲဆိုခဲ့သည်။ တရားရုံးတွင် သူသည် နှုတ်ဆိတ်နေခဲ့ပြီး တရားသူကြီး၏ မေးခွန်းများကို ‘ဟုတ်ကဲ့’တစ်လုံးမှအပ အခြားမည်သည့်စကားကိုမျှ ထွက်ဆိုခဲ့ခြင်း မရှိပေ။

FBI က လုပ်ကြံသ–တ်ဖြ–တ်ရန် ဖြစ်နိုင်ခြေ ကို စုံစမ်းစစ်ဆေးနေသည့်အတွက် နောက်ရုံးချိန်းတွင် သူ့ကို စွဲချက်များ ထပ်တင်လာနိုင်သည်။

FBI ၏ ရာဇဝတ်မှုဆိုင်ရာ တိုင်ကြားချက်အရ ရောက်သ်သည် ထရန့်၏ ဂေါက်ကွင်းပတ်ဝန်းကျင်တွင် အချိန် ၁၂ နာရီနီးပါးကြာအထိ အခြေအနေစောင့်ကြည့်ခဲ့ပုံရသည်ဟု ဆဲလ်ဖုန်းမှတ်တမ်းများကို အခြေခံကာ ဖော်ပြခဲ့သည်။

သူသည် တိုင်းပြည်ကို ကယ်တင်မည့်သူတစ်ဦးဖြစ်လာချိန်တွင် ဘိုင်ဒင်နှင့် ဟဲရစ်တို့၏ အပြောအဆိုများက သူ့ကို ပစ်ခတ်စေရန် ဖြစ်လာခဲ့သည်ဟု ထရန့်က Fox News Digital ကို ပြောဆိုသွားခဲ့သည်။

သူသည် ဒီမိုကရေစီကို ခြိမ်းခြောက်သူဖြစ်သည်ဟူသော အပြောအဆိုများကို အသက် ၇၈ နှစ်အရွယ်ရှိသော ထရန့်က ရည်ညွှန်းပြောဆိုခဲ့ခြင်းဖြစ်သည်။

Ref: သည်စထရိတ်တိုင်းမ်စ်


LEAVE A REPLY

Please enter your comment!
Please enter your name here