မြစ်ချောင်းများ တစ်လျှောက် အရေးကြီးသည့် အစိတ်အပိုင်းအလိုက် သောင်တူးခြင်းများ ဆောင်ရွက်သွားရမည်

0
116

မြစ်ချောင်းများအတွင်း သဲနုန်းများအနည်ကျမှု များပြားလာခြင်းသည် မြစ်ချောင်း ကြမ်းခင်း(Bed Level) မြင့်တက်လာပြီး ရေကြီးရေလျှံမှုများကို ပိုမိုဖြစ်ပေါ်စေသည့်အတွက် မြစ်ချောင်းများ တစ်လျှောက် အရေးကြီးသည့် အစိတ်အပိုင်းအလိုက် သောင်တူးခြင်းများ ဆောင်ရွက်ရမည်ဖြစ်ကြောင်း စက်တင်ဘာ(၁၇)ရက်က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည့် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာ အစည်းအဝေးတွင် နစကဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က မှာကြားခဲ့သည်။

ရေကြီးရေလျှံမှုဖြစ်ပေါ်ခဲ့ချိန်တွင် တံတားများ ထိခိုက်ပျက်စီးခဲ့ရသည့်အတွက် ဆည်မြောင်းနှင့် လမ်း၊ တံတားဆိုင်ရာတာဝန်ရှိသူများအနေဖြင့် လမ်းတံတားလုပ်ငန်းများဆောင်ရွက်ရာတွင် ကြံ့ခိုင်မှုအပိုင်းကို စနစ်တကျတွက်ချက်ဆောင်ရွက်ရမည်ဟု နစက ဥက္ကဋ္ဌကမှာကြားသည်။

“အခုလို မိုးအဆက်မပြတ်ရွာသွန်းပြီး ရေကြီးရေလျှံမှုဖြစ်ပေါ်ခဲ့ချိန်မှာ တံတားတွေထိခိုက်ပျက်စီးခဲ့မှုအပေါ် သင်ခန်းစာယူပြီး တံတားတွေတည်ဆောက်ရာမှာ အရှိန်အဟုန်နဲ့ ရေစီးဆင်းမှုဒဏ်ကိုခံနိုင်ဖို့အတွက် စနစ်တကျထည့်သွင်းတွက်ချက်ဆောင်ရွက်ရပါမယ်”ဟု ဆိုသည်။

ထို့အပြင် တံတားနေရာများသို့ ရေဝင်ရောက်ရာလမ်းကြောင်းနှင့် ရေထွက်ရာလမ်းကြောင်းနေရာများ၌ ရေစီးဆင်းမှုကောင်းမွန်စေရေးအတွက် ချောင်းဖြောင့်ခြင်းလုပ်ငန်းအပါအဝင် အခြားလိုအပ်သည်များကို ထည့်သွင်းတွက်ချက်ဆောင်ရွက်ရမည်ဟု မှာကြားသည်။

မြစ်ချောင်းများအတွင်း သဲနုန်းများအနည်ကျမှုများပြားလာခြင်းသည် မြစ်ချောင်းကြမ်းခင်းမြင့်တက်လာပြီး ရေကြီးရေလျှံမှုများကိုပိုမိုဖြစ်ပေါ်စေသည်ဟု ပြောသည်။

” ဧရာဝတီမြစ်၊ ချင်းတွင်းမြစ်နှင့် သံလွင်မြစ်တို့မှာ ရွှေတူးဖော်တာ၊ ကျောက်တူးဖော်တာတွေကြောင့် မြစ်အောက်ပိုင်းတွေမှာ နုန်းပို့ချမှုများလာတာဖြစ်လို့ မြစ်ချောင်းတွေတစ်လျှောက်မှာ အရေးကြီးတဲ့ အစိတ်အပိုင်းအလိုက် သောင်တူးတာတွေ ဆောင်ရွက်ရပါမယ်”ဟု ဆိုသည်။

ထို့အတူ လမ်း၊ တံတား၊ ဆည်၊ မြောင်း များ၏ ရေထွက် စနစ်များကို နှစ်စဉ်စစ်ဆေးပြုပြင်ထိန်းသိမ်းမှု (Maintainess) မပျက်မကွက် ပြုလုပ်ရမည်ဟုလည်း နစက ဥက္ကဋ္ဌကမှာကြားခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here