ပုပ္ပား-တောင်ကလပ်သွားကားလမ်းပိုင်း ဘိုးတော်ထွက်ပွဲကာလ အန္တရာယ်ကင်းစွာ သွားလာနိုင်စေရန် (ယာယီ) ပြုပြင်ပြီးစီး

0
46

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်တောင်းမြို့နယ် ပုပ္ပားမှ တောင်ကလပ်သို့သွားသည့် ကားလမ်းပိုင်း ပျက်စီးမှု ဖြစ်ပွားခဲ့သည့်အတွက် ဘိုးတော်ထွက်ပွဲကာလ အန္တရာယ်ကင်းစွာသွားလာနိုင်စေရန် (ယာယီ) ပြုပြင်ပြီးစီး၍ ယာဉ်ငယ်များ ပြန်လည်သွားလာနိုင်ဖြစ်ကြောင်း ကျောက်ပန်းတောင်းမြို့နယ် လမ်းဦးစီးဌာနမှ သိရသည်။

ပုပ္ပားတောင်ကလပ်သို့သွားသည့် ကားလမ်း မိုင်တိုင် (၁၈/ဝ) တွင် ယာဂီမုန်တိုင်းကြောင့် မိုးသည်းထန်စွာရွာသွန်းပြီး စက်တင်ဘာ (၁၂) ရက်က မြေထိန်းနံရံ အနည်းငယ်ပြိုကျခဲ့ပြီး ကတ္တရာလမ်းသားပဲ့ကျမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ယာဂီမုန်တိုင်း အရှိန်ဖြင့် (၃) ရက်ခန့် မိုးများအဆက်အပြတ် ရွာသွန်းခဲ့မှုကြောင့် ပုပ္ပား-တောင်ကလပ် ကားလမ်း (အောင်သိန္ဓိကုန်းအဆင်း)တွင် မြေကာနံရံ အမြင့်ပေ ၂၀ ခန့် ပြိုကျနိမ့်ဆင်းသွားခဲ့ပြီး လမ်းနှုတ်ခမ်းသား အလျား ပေ(၄၀)ခန့်၊ အကျယ် (၆)ပေခန့် ပဲ့ကျသွားခဲ့ကြောင်း သိရသည်။

အဆိုပါ လမ်းပိုင်း ပျက်စီးမှုကို ဘိုးတော်ထွက်ပွဲအမီ ပြည်သူများ အန္တရာယ်ကင်းစွာ သွားလာအသုံးပြုနိုင်စေရန် မြို့နယ် လမ်းဦးစီးဌာနမှ တာဝန်ခံ အင်ဂျင်နီယာ ဦးထွန်းအောင်ကြင်က အနီးကပ်ကြီးကြပ်၍ ပျက်စီးမှုအား ယာယီအစီအစဉ်ဖြင့် ပြုပြင်ခဲ့ရာ စက်တင်ဘာ (၁၇)ရက်က ပြုပြင်မှုပြီးစီး၍ မော်တော်ယာဉ်ငယ်များ အန္တရာယ်ကင်းစွာ ဖြတ်သန်းသွားလာနိုင်ပြီဖြစ်ကြောင်း သိရသည်။

ပုပ္ပားတောင်ကလပ်တွင် ဘိုးတော်အောင်မင်းခေါင် ပြည်တော်ဝင် ထွက်ပွဲ/အောင်ပွဲကို နှစ်စဉ် တော်သလင်းလပြည့်ကျော် (၂)ရက်၊ ညနေပိုင်းအထိ စည်ကားသိုက်မြိုက်စွာ ကျင်းပလေ့ရှိကြောင်း သိရသည်။

အဆိုပါ ဘိုးတော်ထွက်ပွဲကို မြန်မာနိုင်ငံ အနယ်နယ်အရပ်ရပ်မှ ယုံကြည်ကိုးကွယ်သူများက တော်သလင်းလပြည့်နေ့ မတိုင်မီကပင် အစုအဖွဲ့ဖြင့်ဖြစ်စေ တစ်ဦးချင်း တစ်ယောက်ချင်းဖြစ်စေ ဘုရားဖူးများနှင့်အတူ ကားကြီးကားငယ်များဖြင့် လာရောက်လေ့ရှိကြောင်း သိရသည်။

သို့သော် ယခုနှစ်တွင် ဘိုးတော်အောင်မင်းခေါင် ပြည်တော်ဝင် ထွက်ပွဲ/အောင်ပွဲကို ဈေးပွဲတော်များ၊ အတီးအမှုတ်အကများ မထည့်သွင်းတော့ဘဲ အကျဉ်းချုံးသာ ကျင်းပတော့မည်ဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here