အန္တရာယ်များကြောင့်စစ်အင်အား တိုးချဲ့နေ–ခရမ်မလင်

0
36

မော်စကို၊စက်တင်ဘာ ၁၇

အနောက်နိုင်ငံများ ၏ ရန်လိုမှုနှင့်ပြဿနာများအပါအဝင် နယ်စပ်တစ်လျှောက် အန္တရာယ်များကြောင့် ရုရှားသည် ၎င်း၏စစ်တပ်အင်အား ကို ၁ ဒသမ ၅ သန်းအထိတိုးမြှင့်နေကြောင်း ခရမ်မလင်နန်းတော်က စက်တင်ဘာ ၁၇ ရက်နေ့ကပြောကြားခဲ့သည်။

သမ္မတပူတင်သည် စစ်အင်အားတိုးမြှင့်သည့် အမိန့်ဒီကရီ ကို ပြီးခဲ့သည့်တနင်္လာနေ့က လက်မှတ်ရေးထိုးခဲ့ကြောင်းသိရသည်။ အဆိုပါဒီကရီအရ မူလကစစ်သည်အင်အားကို ၁၈၀,၀၀၀ မှ နေ၍ ၁ ဒသမ ၅ သန်းအထိတိုးမြှင့်နေပြီး ကမ္ဘာပေါ်တွင် ဒုတိယအကြီးဆုံးစစ်တပ် ဖြစ်လာမည်ဟု ဆိုသည်။

“ကျွန်တော်တို့နိုင်ငံ နယ်စပ်တစ်လျှောက်မှာ ရှိနေတဲ့ အန္တရာယ် က များတာကြောင့် အခုလို စစ်အင်အားကိုတိုးမြှင့်သတ်မှတ်လိုက်ရတာဖြစ်ပါတယ်” ဟု ခရမ်မလင်ပြောရေးဆိုခွင့်ရှိသူ ဒီမစ်ထရီပက်စကော့ဗ်ကပြောကြားခဲ့သည်။

“အနောက်နယ်စပ်မှာဖြစ်နေတဲ့ ရန်လိုမှုတွေနဲ့ အရှေ့နယ်စပ်က မတည်ငြိမ်မှုတွေကြောင့် အခုလိုစီစဉ်လိုက်ရခြင်းဖြစ်ပါတယ်” ဟုလည်း ၎င်းကဆက်လက်ပြောကြားခဲ့သည်။

ယခုတစ်ကြိမ်တိုးမြှင့်မှုသည် ၂၀၂၂ ခုနှစ်က ယူကရိန်းသို့ ရုရှားဘက်ကထိုးစစ်ဆင်ပြီးနောက်ပိုင်း တတိယအကြိမ်မြောက်တိုးမြှင့်ခြင်းလည်းဖြစ်ကာ လက်ရှိတွင် ယူကရိန်းစစ်၌ စစ်သည်အင်အား ၇၀၀,၀၀၀ နီးပါးတိုက်ပွဲဝင်နေကြောင်း ဇွန်လကထုတ်ပြန်ခဲ့သည့် ပူတင်၏ခန့်မှန်းချက်အရသိရှိရသည်။

ပြီးခဲ့သည့်ခြောက်ပတ်အတွင်း ရုရှားအနေဖြင့် အနောက်ဘက်ကာ့စ်ဒေသသို့ ရုတ်တရက်ဝင်ရောက်ထိုးစစ်ဆင်ခဲ့သည့် ယူကရိန်းတပ်များကို ခုခံနေရသကဲ့သို့ ယူကရိန်းအရှေ့ဘက်နယ်မြေများကိုလည်း ထိုးစစ်ဆင် နေသဖြင့် နှစ်နေရာစာအတွက် စစ်သည်အင်အားမျှတစေရန်ဆောင်ရွက်နေခဲ့ရသည်။

ရုရှားသည် မြောက်အတ္တလန္တိတ်စာချုုပ်အဖွဲ့ (နေတိုး) အဖွဲ့၏ရန်ကို အဓိကစိုးရိမ်နေခြင်းဖြစ်သော်လည်း နေတိုးကမူ ၎င်းတို့သည် ကာကွယ်ရေးမဟာမိတ်များသာဖြစ်ပြီး မော်စကိုနှင့်ထိပ်တိုက်တွေ့ရန်ကြိုးပမ်းမည်မဟုတ်ကြောင်းလည်းပြောကြားခဲ့သည်။

Source : အေအက်ဖ်ပီ/ဒီဝိုင်


LEAVE A REPLY

Please enter your comment!
Please enter your name here