နျူလက်နက်စမ်းသပ်မှုကို ‘အချိန်မရွေး ပြန်လည်စတင်ရန် အသင့်ဖြစ်နေပြီ’ဟု ရုရှားဆို

0
43

အမိန့်ပေးမည်ဆိုပါက နျူကလီးယားစမ်းသပ်မှုကို “အချိန်မရွေး” ပြန်လည်စတင်ရန် အဆင်သင့်ဖြစ်နေပြီဟု ရုရှားနိုင်ငံ နျူကလီးယားစမ်းသပ်ရေးဌာန အကြီးအကဲက အင်္ဂါနေ့က ပြောကြားခဲ့သည်။

ရုရှားနိုင်ငံသည် ဆိုဗီယက်ပြည်ထောင်စု မပြိုကွဲမီ ၁၉၉၀ ခုနှစ်ကတည်းက နျူလက်နက်စမ်းသပ်မှုများ မပြုလုပ်တော့သော်လည်း အနောက်နိုင်ငံများက ယူကရိန်းကို တာဝေးပစ်လက်နက်များ အသုံးပြုခွင့်ပေးပါက အဆိုပါနိုင်ငံများအား ဟန့်တားသည့်သဘောဆောင်သော သတင်းစကားကို တိုက်ရိုက်ပြောကြားခြင်းမဟုတ်သည့် ပုံစံတစ်မျိုးဖြင့်ပေးပို့ရန် သမ္မတ ဗလာဒီမာပူတင်က ညွှန်ကြားလာနိုင်ကြောင်း အနောက်နိုင်ငံနှင့် ရုရှားလေ့လာသုံးသပ်သူအချို့က ပြောသည်။ ရုရှားနိုင်ငံအတွင်းပိုင်းသို့ တိုက်ခိုက်ရန် အနောက်နိုင်ငံမှပေးအပ်မည့် တာဝေးပစ် ဒုံးကျည်များကိစ္စကို ဆွေးနွေးနေဆဲ ဖြစ်သည်။

အကယ်၍ ရုရှားကသာ နျူကလီးယားစမ်းသပ်မှုပြုလုပ်လာမည်ဆိုပါလျှင် ဆိုဗီယက်ပြည်ထောင်စုပြိုကွဲပြီး နှစ်များအတွင်း နျူကလီးယားစမ်းသပ်မှုများရပ်တန့်ခဲ့သည့် အင်အားကြီးနိုင်ငံများကြား နျူကလီးယားလက်နက်ပြိုင်ဆိုင်မှုအသစ်တစ်ရပ် ပေါ်ပေါက်လာရန်နှင့် တရုတ် သို့မဟုတ် အမေရိကန်ကဲ့သို့သော နိုင်ငံများကလည်း နျူကလီးယားစမ်းသပ်မှုများ လိုက်လံလုပ်ဆောင်ရန် တွန်းအားဖြစ်လာနိုင်သည်။

ရုရှား၏ နျူကလီးယားစမ်းသပ်မှုပြုလုပ်သည့်နေရာသည် အာတိတ်သမုဒ္ဒရာတွင်း ဝေးလံခေါင်သီသော နိုဗာယာဇမ်လျာ(Novaya Zemlya)ကျွန်းစုတွင် တည်ရှိပြီး ဆိုဗီယက်ပြည်ထောင်စုခေတ်ဖြစ်သည့် ၁၉၆၁ ခုနှစ်တွင် ကမ္ဘာ့အပြင်းထန်ဆုံး နျူကလီးယားဗုံး စမ်းသပ်ဖောက်ခွဲခြင်းအပါအဝင် အခြားနျူစမ်းသပ်မှုပေါင်း ၂၀၀ ကျော် ပြုလုပ်ခဲ့သည့်နေရာဖြစ်သည်။ အနောက်နိုင်ငံသူလျှိုဂြိုလ်တုများကလည်း ထိုနေရာကို တောက်လျှောက်စောင့်ကြည့်နေကြသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here