ကော့လုံကျွန်း ရေဘေးသင့်ပြည်သူ အိမ်ထောင်စု (၁,၃၀၀) အတွက် စားနပ်ရိက္ခာများ သွားရောက်ထောက်ပံ့

0
21

သံလွင်မြစ်ရေမြင့်တက်မှုကြောင့် ရေနစ်မြုပ်ခဲ့သည့် ကရင်ပြည်နယ်၊ ရွှေဂွန်းမြို့နယ်၊ ကော့လုံကျွန်းရှိ ရေဘေးသင့်ပြည်သူ အိမ်ထောင်စု (၁,၃၀၀) အတွက် ယနေ့ စက်တင်ဘာ (၁၉)ရက် နံနက်ပိုင်းတွင် စားနပ်ရိက္ခာများ သွားရောက်ကူညီထောက်ပံ့နေပြီဖြစ်ကြောင်း ဒေသခံ ရေဘေးကယ်ဆယ်ရေးအဖွဲ့ ပြန်ကြားရေးတာဝန်ခံက ပေါ် ပြူလာနယူးစ်ကိုပြောသည်။

လက်ရှိတွင် ကော့လုံကျွန်းမှာ ရေတင်ကျန်နေသေးသည့် ကျေးရွာအချို့ရှိသလို ရေပြန်လည်ကျဆင်းသည့် ကျေးရွာအချို့လည်းရှိနေသေးကြောင်း ၎င်းက ဆိုသည်။

” ကော့လုံကျွန်းမှာက အပိုင်း‌ ကိုးပိုင်းရှိတယ်။ အဲ့ဒီအထဲမှာ လေးပိုင်းလောက်ကတော့ ရေမြုပ်နေသေးတယ်။ ဒီနေ့ သွားထောက်ပံ့တာက စားသောက်စရာအစာခြောက်နဲ့ သောက်ရေပေါ့။”ဟု ၎င်းက ပြောသည်။

လက်ရှိတွင် သံလွင်မြစ်ရေမှာ ဘားအံမြို့၏ စိုးရိမ်ရေမှတ်အထက် (၁)ပေခွဲခန့်ကျော်လွန်ရောက်ရှိနေပြီး၊ နောက်တစ်ရက်အတွင်း (၁)ပေခွဲခန့် ကျဆင်းလာနိုင်ကာ စိုးရိမ်ရေမှတ်အထက်တွင် ဆက်လက်ရှိနေမည်ဟု မိုး/ဇလက ယနေ့တွင်အသိပေးထားသည်။

ထို့ကြောင့် ဒေသတွင်း ရေဘေးကူညီရေးအဖွဲ့များက သံလွင်မြစ်ရေ၏ တက်ရေကျရေအပေါ် စောင့်ကြည့်နေကြကြောင်း ဆိုသည်။

လတ်တလော ဘားအံမြို့အတွင်းတွင်ပင် ရေပြန်လည်ကျဆင်းသည့် ရပ်ကွက်များရှိသလို သံလွင်မြစ်နဘေး နေထိုင်သည့် ရေမကျသေးသည့် ရပ်ကွက်အချို့လည်းရှိနေကြောင်း သိရသည်။

“ဘားအံကတော့ ရေကျတဲ့သူတွေ နေအိမ်ပြန်တာတွေရှိသလို အချို့ရေမကျသေးတဲ့မိသားစုတွေလည်း ကယ်ဆယ်ရေးစခန်းတွေမှာ ရှိနေပါသေးတယ်”ဟု ဒေသခံ ရေဘေးကယ်ဆယ်ရေးအဖွဲ့ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

Photo credit – Karen Chit Nge


LEAVE A REPLY

Please enter your comment!
Please enter your name here