စစ်တောင်းမြစ်ရေ ဆက်လက်မြင့်တက်နိုင်သဖြင့် မြစ်ကမ်းနဘေး နေထိုင်ကြသူများ ရေဘေးလွတ်ရာသို့ ရှောင်ရှားကြရန် သတိပေး‌

0
29

စစ်တောင်းမြစ်ရေ ဆက်လက်မြင့်တက်နိုင်သဖြင့် မြစ်ကမ်းနဘေး နေထိုင်ကြသူများ ရေဘေးလွတ်ရာသို့ ရှောင်ရှားကြရန် ယနေ့ စက်တင်ဘာ (၁၉) ရက် နံနက်ပိုင်း တိုင်းထွာရရှိချက်ကို မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန၏ သတိပေးနှိုးဆော်ထားသည်။

ယနေ့ မိုး/ဇလ၏ အသိပေးချက်တွင် စစ်တောင်းမြစ်ရေသည် မဒေါက်မြို့၏ စိုးရိမ်ရေမှတ်အထက်သို့ (၅)ပေခန့်ကျော်လွန်ရောက်ရှိနေပြီး၊ အဆိုပါမြစ်ရေသည် နောက်တစ်ရက်အတွင်း (၂)ပေခန့် ဆက်လက်မြင့်တက်လာနိုင်ကာ စိုးရိမ်ရေမှတ်အထက်တွင် ဆက်လက်တည်ရှိနိုင်သည်ဟု အသိပေးထားသည်။

အလားတူ စစ်တောင်းမြစ်ရေသည် တောင်ငူမြို့၏ စိုးရိမ်ရေမှတ်အထက် (၃)ပေခွဲ ကျော်လွန်ရောက်ရှိနေပြီး၊ အဆိုပါ မြစ်ရေသည် နောက်တစ်ရက်အတွင်း (၃)လက်မခန့်သာ ကျဆင်းနိုင်ပြီး စိုးရိမ်ရေမှတ်အထက်တွင် ဆက် လက်တည်ရှိနေမည်ဖြစ်ကြောင်း ဆိုသည်။

ယင်းအပြင် သံလွင်မြစ်ရေသည် လက်ရှိအချိန်တွင် ဘားအံမြို့၏ စိုးရိမ်ရေမှတ်အထက် (၁)ပေခွဲခန့်ကျော်လွန်ရောက်ရှိနေပြီး၊ အဆိုပါ မြစ်ရေသည် နောက်တစ်ရက်အတွင်း (၁)ပေခွဲခန့် ကျဆင်းလာနိုင်ကာ စိုးရိမ်ရေမှတ်အထက်တွင် ဆက်လက်တည်ရှိနေနိုင်ကြောင်း ဆိုသည်။

ထို့အပြင် ရွှေကျင်မြစ်ရေသည် ရွှေကျင်မြို့၏ စိုးရိမ်ရေမှတ်အောက် (၁)ပေခွဲတွင် ရောက်ရှိနေပြီး ၊ အဆိုပါမြစ်ရေသည် နောက်တစ်ရက်အတွင်း စိုးရိမ်ရေမှတ်သို့ ရောက်ရှိနိုင်ကြောင်း သတိပေးထားသည်။

ထို့ကြောင့် မဒေါက်မြို့ ၊ တောင်ငူမြို့၊ ရွှေကျင်မြို့နှင့် ဘားအံမြို့တို့ရှိ မြစ်ကမ်းနဘေး နေထိုင်ကြသူများအနေဖြင့် ရေဘေးလွတ်ရာ နေရာများသို့ရှောင်ရှားကြရန် သတိပေး‌ နှိုးဆော်ထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here