မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလာမ်ဘာသာရေးအဖွဲ့ကြီးက တောင်ငူနှင့် တပ်ကုန်း ရေဘေးသင့်ပြည်သူ အိမ်ထောင်စု (၃,၀၀၀)အတွက် စားနပ်ရိက္ခာများ စတင်ထောက်ပံ့လှူဒါန်းမည်

0
25

မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလာမ်ဘာသာရေးအဖွဲ့ကြီးမှ သီးခြားဖွဲ့စည်းထားသည့် သဘာဝဘေးသင့်ပြည်သူများ ပံ့ပိုးကူညီရေးကော်မတီက ယနေ့ စက်တင်ဘာ(၁၉)ရက်တွင် တောင်ငူနှင့် တပ်ကုန်းဒေသရှိ ရေဘေးသင့်ပြည်သူ အိမ်ထောင်စု (၃,၀၀၀) အတွက် စားနပ်ရိက္ခာများ စတင်ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

‌အဆိုပါ ကော်မတီအနေဖြင့် ယနေ့ နံနက်ပိုင်းတွင် ရေဘေးသင့်ပြည်သူများထံသို့ စတင်
ထွက်ခွာနေပြီး၊ ဒေသခံပြည်သူများနှင့်တွေ့ဆုံဆွေးနွေးကာ မည်သည့်ဒေသ ၊မည်သို့သောထောက်ပံ့မှု လိုအပ်သည်ကို ကော်မတီမှ ပြန်လည်ဆွေးနွေးကာ ဆက်လက်ထောက်ပံ့သွားရန်ရှိသည်ဟု ဆိုသည်။

” ကျွန်တော်တို့ဒီနေ့ စထွက်ပါပြီ။ကျွန်တော်တို့ တစ်မိသားစု တစ်ပတ် ဆယ်ရက်စာ စားနိုင်မယ့် ဆန်တို့ဆီတို့ပေါ့။ မိသားစုသုံးထောင်စာလောက်လှူဒါန်းဖို့ရှိတယ်။ အခုက ပထမအကြိမ်ဆိုတော့ ဒေသခံတွေကို မေးမြန်းပြီး ဘာဒေသတွေမှာ ဘာတွေလိုအပ်တယ်ဆိုတာကို ကော်မတီက ဆုံးဖြတ်ပြီးနောက်ပိုင်းတွေဆက်လက် ထောက်ပံ့ကူညီဖို့ရှိပါတယ်”ဟု သဘာဝဘေးသင့်ပြည်သူများ ပံ့ပိုးကူညီရေးကော်မတီ ပြန်ကြားရေးတာဝန်ခံဦးဝင်းထွန်းစိုးက ပြောသည်။

ရေဘေးသင့်ပြည်သူများကို ကူညီရန် ယခုလ စက်တင်ဘာ (၁၄)ရက်၌ မြန်မာ နိုင်ငံလုံးဆိုင်ရာ အစ္စလာမ်ဘာသာရေးအဖွဲ့ကြီးက နာယက(၅)ဦးပါဝင်သည့် အဖွဲ့ဝင်(၄၅)ဦးဖြင့် ဖွဲ့စည်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here