မြောက်ဒဂုံတွင် လူ(၅)ဦးလိုက်ပါလာသည့် ယာဉ်ပေါ်မှ ငွေကျပ်သိန်း (၂၀၀၀) တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ

0
31

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်တွင် လူ (၅)ဦးမှ မော်တော်ယာဉ် (၁)စီးဖြင့် သယ်ဆောင်လာသည့် ငွေကျပ်သိန်း (၂၀၀၀) တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများကို ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့၏ စက်တင်ဘာ (၁၈) ရက် ထုတ်ပြန်ချက်အရ သိရသည်။

ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ (၂၇)ရပ်ကွက်တွင် စက်တင်ဘာ (၁၅) ရက်၊ နေ့လယ် (၂)နာရီခွဲအချိန်က မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့က သတင်းအရ သက်သေများနှင့်အတူ ငြိမ်းခန့်ကိုကို(၃၇)နှစ်၊ ဇော်ထွန်း(၅၉)နှစ်၊ မအေးဇာဖြူသင်း(၄၃)နှစ်၊ မစန်းစန်းဦး(၅၃)နှစ် နှင့် မအိရွှေစင်(၃၆)နှစ်တို့အား WISH အမျိုးအစား မော်တော်ယာဉ်နှင့်အတူ မသင်္ကာဖွယ်တွေ့ရှိသဖြင့် စစ်ဆေးရှာဖွေခဲ့ကြောင်း သိရသည်။

ထိုသို့ စစ်ဆေးရှာဖွေရာ ယာဉ်ပေါ်မှ စိတ်ကြွရူးသွပ်ဆေးပြား ၂၀၀,၀၀၀ ပြား (ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ်သိန်း ၂,၀၀၀)နှင့် လက်ကိုင်ဖုန်း (၅) လုံးတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

အဆိုပါ ဖမ်းဆီးရမိသူ ၅ ဦးကို ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့် အရေးယူထားပြီး ကွင်းဆက်များ ဖော်ထုတ်လျက်ရှိကြောင်း သတင်းထုတ်ပြန်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here