လွိုင်ကော်တွင် ရေကြီးမှု ထပ်မံဖြစ်ပါက လူနှင့် တိရိစ္ဆာန်များ ‌ေ-သဆုံး၊ ပျောက်ဆုံးမှု မရှိစေရေး ကယ်ဆယ်ရေး လုပ်ငန်းများဆွေးနွေး

0
48

တိုင်ဖွန်းမုန်တိုင်း ယာဂီနှင့် ရှမ်းပြည်နယ်တောင်ပိုင်း၏ ရေကြီးရေလျှံမှုများကြောင့် ဖြစ်ပေါ်ခဲ့သော ရေများမှာ မိုးဗြဲရေလှောင်တမံမှ တစ်ဆင့် ဘီလူးချောင်းအတိုင်း လွိုင်ကော်မြို့နယ်အတွင်း ဝင်ရောက်ခဲ့ရာမှ စက်တင်ဘာ (၉)ရက်မှ စတင်၍ လွိုင်ကော်မြို့နယ်အတွင်း မြေနိမ့်ပိုင်းရပ်ကွက်များတွင် ရေကြီးရေလျှံမှုဖြစ်ပေါ်ခဲ့သည်။

လက်ရှိဖြစ်ပေါ်နေသော ရေကြီးရေလျှံဖြစ်ပွားမှုများအတွက် ချက်ချင်း တုံ့ပြန်ဆောင်ရွက်နိုင်ရန်နှင့် ပြည်သူများဆုံးရှုးမှု အနည်းဆုံးဖြစ်စေရေး ကျော်လွှားနိုင်ရေး ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကိုပြည်နယ်သဘာဝဘေးဆိုင်ရာစီမံခန့်ခွဲမှုအဖွဲက ပြင်ဆင်ဆောင်ရွက်နေကြသည်။

ရေများထပ်မံ မြင့်တက်လာပါက ပြည်သူများအား ကြိုတင်အသိပေးခြင်း၊ ကူညီကယ်ဆယ်ခြင်း၊ ရေဘေးလွတ်ရာ ယာယီရေဘေးကယ်ဆယ်ရေးစခန်းများသို ရွှေ့ပြောင်းနိုင်ရေးနှင့် ရပ်ကွက်အလိုက် ရေဘေးကွပ်ကဲရေး ရုံးများ ဖွင့်လှစ်နိုင်ရေးတို့ကို လုပ်ဆောင်ရန် ပြည်နယ်ဝန်ကြီးချုပ်က ပြောကြားထားသည်။

ထို့ပြင် ပြန်လည်ထူထောင်ရေးနှင့် တည်ဆောက်ရေး၊ ကျန်းမာရေးစောင့်ရှောက်မှု ဆိုင်ရာလုပ်ငန်းများကိုလည်း စနစ်တကျ စီမံဆောင်ရွက်သွားရေး၊ ယာယီရေဘေး ကယ်ဆယ်ရေးစခန်းများ၌ စနစ်တကျ နေရာချထားရေး၊ အစားအသောက်၊ ရေ၊ မီး၊ သန့်စင်ခန်းများ၊ အုပ်ချုပ်မှုနှင့် လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များ အဆင်ပြေစေရန် စီမံဆောင်ရွက်ရေး၊ ရေဝင်ရောက်ခဲ့သည့် ရပ်ကွက်ကျေးရွာများရှိ အိမ်ထောင်စုများနှင့်စပ်လျဉ်း၍ အခြေခံစာရင်း အချက်အလက်များ မှန်ကန်စွာရရှိရေး ဆောင်ရွက်ကြရန် ပြည်နယ် ဝန်ကြီးချုပ်က မှာကြားခဲ့သည်။

ယမန်နေ့ စက်တင်ဘာ (၁၈)ရက် မွန်းလွဲပိုင်းက ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများမှ ယာယီရေဘေး ကယ်ဆယ်ရေး စခန်းများရှိ ရေဘေးသင့်ပြည်သူများနှင့် တွေ့ဆုံခဲ့ပြီး ရေ၊ မီး၊ သန့်စင်ခန်းများ၊ ကျန်းမာရေး စောင့်ရှောက်မှု၊ အုပ်ချုပ်မှုနှင့် လုံခြုံရေးကိစ္စများ လစ်ဟင်းမှု မရှိစေရေး တာဝန်ရှိသူများနှင့်ဆွေးနွေး ခဲ့သည်။

ကယားပြည်နယ်၊ လွိုင်ကော်ခရိုင်၊ လွိုင်ကော်မြို့နယ်တွင် ဘီလူးချောင်းရေ မြင့်တက်မှုကြောင့် စက်တင်ဘာ(၁၇)ရက်မှ စတင်၍ ဒေါနိုးကူးရပ်ကွက်၊ နမ့်ကွတ်ရပ်ကွက်၊ ရှမ်းစုရပ်ကွက်နှင့် မင်းစုရပ်ကွက်တို့တွင် ရေဝင်ရောက်မှုဖြစ်ပွားခဲ့ရာ ရေဘေးလွတ်ရာသို့ ရွှေ့ပြောင်းနေထိုင်နေရကြောင်း သိရသည်။

လွိုင်ကော်မြို့နယ်အတွင်း ရေထပ်မံဝင်ရောက်လာပါက မိုဃ်းကောင်းဘုရားကြီးရှိ ဓမ္မာရုံ၊ စေတီပုထိုးနှင့် ပုဗ္ပါရုံပရိယတ္တိ စာသင်တိုက်ရှိ ကျောင်းဝန်းတို့တွင် ကယ်ဆယ်ရေးစခန်းများအဖြစ် ကြိုတင်ပြင်ဆင်ထားသည်။

အပူပိုင်းမုန်တိုင်း “ဆိုးလစ်ခ် (SOULIK)” ၏ အကြွင်းအကျန် တိမ်တိုက်များနှင့် လေပွေလှိုင်းကြောင့် တိုင်းနှင့် ပြည်နယ် (၁၃) ခုတွင် စက်တင်ဘာ (၂၀) ရက်မှ (၂၅) ရက်အတွင်း မိုးထစ်ချုန်းရွာပြီး လေပြင်းတိုက်ခတ်မှုများ ဖြစ်ပေါ်နိုင်ရာ ကယားပြည်နယ်လည်း ပါဝင်နေကြောင်း မိုးလေဝသနှင့် ဇလဗေဒေညွှန်ကြားမှု ဦးစီးဌာနမှ ယနေ့ စက်တင်ဘာ (၁၉) ရက်က အထူးမိုးလေဝသသတင်းအဖြစ် ထုတ်ပြန်ထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here