ပြည်ပရောက်အလုပ်သမားများ၏လွှဲပို့ငွေ မပြနိုင်သည့် အေဂျင်စီ ၈၁ခု ကို အလုပ်ခေါ်စာအသစ် တင်ခွင့်ခေတ္တဆိုင်းငံ့

0
21

ပြည်ပနိုင်ငံများတွင် သွားရောက်အလုပ်လုပ်ကိုင်နေသည့် အလုပ်သမားများ၏ မိသားစုလွှဲပို့ငွေ အထောက်အထား တင်ပြနိုင်ခြင်း မရှိသည့် ပြည်ပအလုပ်အကိုင် ရှာဖွေရေး အေဂျင်စီ ၈၁ခုကို အလုပ်ခေါ်စာအသစ် တင်ခွင့်ခေတ္တဆိုင်းငံ့ကြောင်း အလုပ်သမားညွှန်ကြားရေးဦးစီးဌာနက ထုတ်ပြန်သည်။

စက်တင်ဘာလဆန်းပိုင်းက လွှဲပို့ငွေအထောက်အထားမတင်ပြနိုင်သည့် အေဂျင်စီ ၇၉ခု၊ သတ်မှတ်ရာခိုင်နှုန်းပြည့်အောင် မတင်ပြနိုင်သည့် အေဂျင်စီ ၆၇ခုကို ပြည်ပအလုပ်သမားစေလွှတ်ခွင့်နဲ့အလုပ်ခေါ်စာတင်ခွင့် ဆိုင်းငံ့ခဲ့ပြီး ယခုတခါတွင်လည်း အရေးယူထားမှု နောက်ဆုံးအခြေအနေကို ထုတ်ပြန်ခြင်း ဖြစ်သည်။

လက်ရှိတွင် အလုပ်သမားညွှန်ကြားရေးဦးစီးဌာနအနေဖြင့် မိသားစုလွှဲပို့ငွေ အထောက်အထား တင်ပြနိုင်ခြင်း မရှိသည့် ပြည်ပအလုပ်အကိုင် ရှာဖွေရေး အေဂျင်စီများကို အရေးယူနေကာ အေဂျင်စီ၁၅၀အနေဖြင့် အထောက်အထားပြည့်စုံအောင် တင်ပြနိုင်သဖြင့် အလုပ်သမားဦးရေသတ်မှတ် ရာခိုင်နှုန်းပြည့်အောင်ပေးပို့စေလွှတ်နိုင်စေရေးလုပ်ငန်းစဉ်များကို ပုံမှန်အတိုင်း ဆက်ခွင့်ပြုပေးထားကြောင်းလည်း သိရသည်။

အေဂျင်စီမှ စေလွှတ်ခဲ့သည့် အလုပ်သမားများအနေဖြင့် လုပ်ခလစာ၏ အနည်းဆုံး ၂၅% အား တစ်လလျှင်တစ်ကြိမ် (သို့) ၃ လလျှင် ၁ ကြိမ် တရားဝင်ငွေလွှဲလမ်းကြောင်းမှ လွှဲပြောင်းခြင်းမရှိပါက အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း အလုပ်သမားဝန်ကြီးဌာနက ဩဂုတ် ၂၈ ရက်စွဲဖြင့် ကြေညာချက်ထုတ်ပြန်ထားခဲ့ခြင်း ဖြစ်သည်။

ထို့ကြောင့် ပြည်ပရောက်အလုပ်သမားများ၏ မိသားစုလွှဲပို့ငွေအထောက်အထားတင်ပြနိုင်ခြင်း မရှိသည့် အေဂျင်စီများကို ပြည်ပကို အလုပ်သမားစေလွှတ်ရေးလုပ်ငန်းစဉ်များ ဆိုင်းငံ့ခြင်း၊ အလုပ်ခေါ်စာ အသစ်တင်ခွင့် ဆိုင်းငံ့ခြင်းနှင့် ဒဏ်ကြေးငွေ ပေးဆောင်ခိုင်းခြင်း စသည့် အရေးယူမှုများ ဆောင်ရွက်ထားခြင်း ဖြစ်သည်ဟု ဆိုသည်။

အရေးယူခံရသည့် အေဂျင်စီများ အနေဖြင့် အလုပ်သမားများ၏ မိသားစုလွှဲပို့ငွေစာရင်း အထောက်အထား တင်ပြနိုင်မှု ရာခိုင်နှုန်းပြည့်မီလျှင် စေလွှတ်ရေးလုပ်ငန်းစဉ်နှင့် အလုပ်ခေါ်စာ အသစ်တင်ပြခွင့်ကို ဆက်လက်ခွင့်ပြု ပေးသွားမည် ဖြစ်ကြောင်းလည်း သိရသည်။

ထိုနည်းတူ ပြည်ပရောက်မြန်မာရွှေ့ပြောင်းအလုပ်သမားများအနေဖြင့် မိမိ၏မိသားစုဝင်များထံသို့ မိသားစုလွှဲပို့ငွေ လွှဲပြောင်းပေးပို့ရန် ပျက်ကွက်သည်ကို စိစစ်တွေ့ရှိပါက ပြည်ပသို့အလုပ်ဖြင့်ထွက်ခွာမှုကို လအကန့်အသတ်ဖြင့်ပိတ်ပင်ခြင်း၊ ပြည်ပအလုပ်အကိုင်အလုပ်သမားသက်သေခံကတ်(OWIC) ထုတ်ပေးမှုမပြုခြင်း၊ နိုင်ငံကူးလက်မှတ်သက်တမ်းတိုးမြှင့်ခွင့်မပြုခြင်းစသည်တို့အပြင် လိုအပ်သလိုစိစစ်အရေးယူဆောင်ရွက်ခြင်းခံရမည်ဖြစ်ကြောင်း အသိပေးထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here