ညောင်ဦး-ကျောက်ပန်းတောင်း ကားလမ်းမကြီးပေါ်တွင် သက်တမ်းရင့် ထနောင်ပင်ကြီးတစ်ပင် အမြစ်မှ ကျွတ်ထွက်၍ လဲကျမှုဖြစ်ပွား

0
20

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့၊ ပုံဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေ ညောင်ဦး-ကျောက်ပန်းတောင်း ကားလမ်းမကြီးပေါ်တွင် မိုးရွာသွန်းမှုကြောင့် လုံးပတ် (၄)ပေပတ်လည်ခန့်၊ အမြင့်ပေ (၄၀)ခန့်ရှိ သက်တမ်းရင့် ထနောင်ပင်ကြီးမှာ အမြစ်မှ ကျွတ်ထွက်၍ လဲကျမှုဖြစ်ပွားခဲ့ရာ နယ်မြေခံ မီးသတ်တပ်ဖွဲ့များမှ ရှင်းလင်းခဲ့ကြောင်း သိရသည်။

စက်တင်ဘာ (၂၀)ရက်၊ ည(၈)နာရီ၊ မိနစ် (၄၀) အချိန်ခန့်က ညောင်ဦးမြို့၊ အမှတ်(၆)ရပ်ကွက်၊ အောင်မြေသာရပ်၊ ညောင်ဦး-ကျောက်ပန်းတောင်းကားလမ်းမကြီးပေါ်တွင် မိုးရွာသွန်းမှုကြောင့် ထနောင်းပင်မှာ ခိုင်မာမှုမရှိဘဲ အမြစ်ခြေမှလဲ၍ လမ်းမကြီးပေါ် ကန့်လန့်ဖြတ်ပိတ်ဆို့နေခဲ့ကြောင်း သိရသည်။

အဆိုပါ သစ်ပင်လဲကျမှုဖြစ်ပွားသဖြင့် ညောင်ဦးခရိုင်မီးသတ်စခန်းမှ မီးသတ်ယာဉ်(၁)စီး၊ ညောင်ဦးမြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ်(၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များဖြင့် ရှင်းလင်းရေးလုပ်ဆောင်ခဲ့ကြောင်း သိရသည်။

ထိုသို့ ရှင်းလင်းရေး လုပ်ဆောင်ရာ ည (၉)နာရီ၊ မိနစ် (၅၀) အချိန်တွင် လုပ်ငန်းအားလုံးပြီးစီးခဲ့ပြီး ဖြစ်စဉ်ကြောင့် လူ၊ ယာဉ်၊ တိရစ္ဆာန် ထိခိုက်ပျက်စီးမှု မရှိခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here