ရေဘေးအလှူအတွက် ဝိုင်းဝန်းကူညီပေးကြရန် ရိုးရာလက်ဝှေ့ကျော် ထွန်းထွန်းမင်း မေတ္တာရပ်ခံ

0
29

ရေဘေးသင့်ပြည်သူများအား ထောက်ပံ့ကူညီရန် မနက်ဖြန် စက်တင်ဘာ (၂၄)ရက်၌ ရေဘေးသင့်ဒေသများသို့ သွားရောက်မည်ဖြစ်ရာ ဝိုင်းဝန်းကူညီပေးကြရန် ရိုးရာလက်ဝှေ့အလွတ်တန်းချန်ပီယံ ထွန်းထွန်းမင်း ယနေ့တွင် မေတ္တာရပ်ခံ အကူညီတောင်းထားသည်။

“ကျွန်တော်ရဲ့ ပြိုင်ပွဲကတော့ ပြီးသွားပါပြီ။ အားပေးတဲ့ ပရိသတ်တွေအားလုံးကို အထူးကျေးဇူးတင်ပါတယ်။ ရေဘေးကူညီလှူဒါန်းခြင်းကို ကျွန်တော် မနက်ဖြန်ကနေစပြီး ပြုလုပ်မှာဖြစ်ပါတယ်။ ကျွန်တော်ရဲ့အလှူမှာ ဝိုင်းဝန်းကူညီပေးကြပါနော်”ဟု သူ၏လူမှုကွန်ရက်မှတဆင့် ရေးသား မျှဝေထားသည်။

ထွန်းထွန်းမင်းသည် ရေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့ကူညီရန်သူ၏ မြန်မာ့လက်ဝှေ့ ကမ္ဘာ့ချန်ပီယံ ခါးပတ်ကို လေလံတင်ရောင်းချခဲ့ရာတွင် အမည်မဖော်လိုသူ စေတနာရှင်တစ်ဦးက ကျပ်သိန်း(၅၀၀)ဖြင့် လေလံအောင်ထားခြင်းဖြစ်သည်။

ထွန်းထွန်းမင်းအနေဖြင့် မြန်မာနိုင်ငံ လက်ဝှေ့အဖွဲ့ချုပ်၏ ထောက်ခံချက်ဖြင့် လက်ဝှေ့မိသားစု ညီအကိုများပူးပေါင်း၍ အကူအညီလိုအပ်နေသော ရေဘေးသင့် ဒေသပြည်သူများလက်ဝယ်အရောက် ရက်အကန့်အသတ်မရှိ သွားရောက် လှူဒါန်းမည်ဖြစ်ကြောင်း သိရသည်။

ထို့အတူ ရေဘေးသင့်ပြည်သူများကို ကူညီရန် ရိုးရာလက်ဝှေ့ကျော်ဟောင်း ထွန်းလွင်မိုးက သူပိုင်ဆိုင်ထားသည့် ကမ္ဘာ့ချန်ပီယံခါးပတ်ကိုလည်း လေလံတင် ရောင်းချထားသလို ၎င်း၏ ညီဖြစ်သူ သန့်ဇင်ကလည်း ONE မှ ပထမဆုံးရရှိသည့် လက်အိတ်ကို လေလံတင်‌ရောင်းချခဲ့ကြကြောင်း သိရသည်။

ဓာတ်ပုံ – Tun Tun Min Facebook


LEAVE A REPLY

Please enter your comment!
Please enter your name here