ရုရှားနိုင်ငံအတွင်း တိုက်ခိုက်ရန်ကိစ္စ ဘိုင်ဒင်နှင့် ဇယ်လင်စကီး တွေ့ဆုံဆွေးနွေးမည်

0
29

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်သည် ရုရှားနိုင်ငံအတွင်း၌ အမေရိကန်လက်နက်များဖြင့် တိုက်ခိုက်နိုင်ရန်ဖြစ်နိုင်ခြေကိစ္စများနှင့် စပ်လျဉ်း၍ကို စက်တင်ဘာ ၂၆ ရက်တွင် အိမ်ဖြူတော်၌ ယူကရိန်းသမ္မတ ဗလာဒီမာ ဇယ်လင်စကီးနှင့် တွေ့ဆုံစဉ် ဆွေးနွေးရန် စီစဉ်ထားကြောင်း အမေရိကန် အမျိုးသားလုံခြုံရေးကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဂျွန်ကာဘီက ပြောကြားခဲ့သည်။

“အမေရိကန်ရဲ့ တာဝေးပစ် တိုက်ခိုက်မှုစွမ်းရည်တွေကို ရုရှားက ပစ်မှတ်တွေအတွက် မသုံးရဘူးဆိုတဲ့ ကျွန်တော်တို့ရဲ့ ပေါ်လစီအတိုင်းပဲ ကျွန်တော်တို့ သမ္မတက တသမတ်တည်း ပြောထားပြီးပါပြီ။ အဲဒီအပေါ်မှာ မူဝါဒ အပြောင်းအလဲ မလုပ်ထားပါဘူး။ ဒါက လမ်းညွှန်ချက်ပါပဲ။ ယူကရိန်းဖက်က အဲဒီပေါ်လစီကို ပြောင်းလဲပေးဖို့ တောင်းဆိုတာကိုလဲ ကျွန်တော်တို့ဖက်က နားလည်ပါတယ်” ဟု နိုင်ငံတကာ သတင်းထောက်များအတွက် သတင်းစာရှင်းလင်းပွဲတွင် ဂျွန်ကာဘီက ပြောကြားခဲ့သည်။ “ပေါ်လစီကိုပြောင်းလဲလိုက်ရင် ပြဿနာတက်လာမှာ သေချာပါတယ်။ ရုရှားမှာရှိတဲ့ ပစ်မှတ်တွေကို အမေရိကန်ရဲ့ လက်နက်တွေ၊ တာဝေးပစ်လက်နက်တွေ အသုံးပြုတာကို တားမြစ်ထားတဲ့ ပေါ်လစီကိုတော့ သူ မပြောင်းလဲပါဘူး”ဟုလည်း ဂျွန်ကာဘီကပြောသည်။

ရုရှားသမ္မတ ဗလာဒီမာပူတင်က ယူကရိန်းသည် အနောက်နိုင်ငံများ၏ အကူအညီမပါဘဲ ရုရှားပိုင်နက်အတွင်း တိုက်ခိုက်မှုများကို လုပ်ဆောင်ရန်အတွက် ဂြိုဟ်တုထောက်လှမ်းရေးနှင့် လေယာဉ်ပျံသန်းမှု အချက်အလက်များ လိုအပ်နေကြောင်း သတင်းထောက်များအား စက်တင်ဘာ ၁၂ ရက်က ပြောကြားခဲ့သည်။ သမ္မတ၏ အဆိုအရ နေတိုးနိုင်ငံများအကြား လက်ရှိအခြေအတင် ဆွေးနွေးနေမှုသည် ယူကရိန်းအနေဖြင့် အနောက်နိုင်ငံမှ တာဝေးပစ်လက်နက်များ အသုံးပြုမှု အလားအလာနှင့် ပတ်သက်၍သာမက ယူကရိန်း ပဋိပက္ခတွင် အနောက်နိုင်ငံများ တိုက်ရိုက် ပါဝင်ပတ်သက်ခြင်း ရှိမရှိကိုလည်း အခြေခံအားဖြင့် ဆုံးဖြတ်ချက် ချနေကြခြင်း ဖြစ်သည်။ မည်သို့ပင်ဖြစ်စေ ရုရှားအတွက် ဖန်တီးလာမည့် ခြိမ်းခြောက်မှုများကိုလည်း မိမိတို့က တုံ့ပြန်သွားမည်ဖြစ်ကြောင်း သမ္မတပူတင်က ထပ်လောင်းပြောကြားခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here