အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေကို ဒုတိယအကြိမ်ပြင်ဆင်သည့်ဥပဒေတွင် ကုမ္ပဏီ နှင့် အဖွဲ့အစည်းများအပေါ် ပြစ်ဒဏ် ချမှတ်နိုင်သည့် ပုဒ်မ အစားထိုးပါဝင်လာ

0
11

နစကသည် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေကို ဒုတိယအကြိမ်ပြင်ဆင်သည့်ဥပဒေ ဟု အမည်တွင် သည့် ဥပဒေတစ်ရပ်ကို စက်တင်ဘာ ၂၆ ရက်က ထုတ်ပြန်ပြဋ္ဌာန်းခဲ့ရာ ပုဒ်မ ၆၊ ပုဒ်မခွဲ(ဃ) နှင့် ပုဒ်မ ၅၃ တို့ကို အစားထိုးကြောင်း ထုတ်ပြန်ခဲ့သည်။

ယခင်က ပုဒ်မ ၅၃ တွင် လူပုဂ္ဂိုလ်အပေါ် ချမှတ်နိုင်သည့် ပြစ်ဒဏ်သာ ပါဝင်ခဲ့သော်လည်း ယခုအစားထိုးပြဋ္ဌာန်းရာတွင် ကုမ္ပဏီ နှင့် အဖွဲ့အစည်းများကိုပါ ပြစ်ဒဏ် ချမှတ်မည် ဖြစ်ကြောင်း ထပ်မံထည့်သွင်းအစားထိုးခဲ့သည်ကို တွေ့ရသည်။

ယခင် ပုဒ်မ ၅၃ တွင် “မည်သူမဆို ဤဥပဒေအရထုတ်ပြန်သည့် နည်းဥပဒေများပါ တားမြစ်ချက်တစ်ရပ်ရပ်ကို ဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူကို အနည်းဆုံးထောင်ဒဏ်တစ်နှစ်မှ အများဆုံးထောင်ဒဏ်သုံးနှစ်အထိ ချမှတ်ရမည့် အပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည်။” ဟု ပြဋ္ဌာန်းခဲ့သည်။

ယခုအခါ ပုဒ်မ ၅၃ ကို“မည်သူမဆို ဤဥပဒေအရထုတ်ပြန်သည့် နည်းဥပဒေများ၊ စည်းမျဉ်း၊ စည်းကမ်း၊ အမိန့်ကြော်ငြာစာ၊ အမိန့်၊ ညွှန်ကြားချက်နှင့် လုပ်ထုံးလုပ်နည်းများပါ တားမြစ်ချက်တစ်ရပ်ရပ်ကို ဖောက်ဖျက်လျှင်သော်လည်းကောင်း၊ ဆောင်ရွက်ရန် တာဝန်တစ်ရပ်ရပ်ကို လိုက်နာရန် ပျက်ကွက်လျှင်သော်လည်းကောင်း၊ ထိုသူကို နှစ်နှစ်ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ကျပ်သိန်းတစ်ရာထက်မပိုသော ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်။ ကုမ္ပဏီ သို့မဟုတ် အဖွဲ့အစည်းက ပြစ်မှု ကျူးလွန်ခြင်းဖြစ်လျှင် ယင်းကုမ္ပဏီ သို့မဟုတ် အဖွဲ့အစည်းကို အနည်းဆုံး ကျပ်သိန်းနှစ်ရာမှ အများဆုံး ကျပ်သိန်းသုံးထောင်အထိ ငွေဒဏ်ချမှတ်ရမည်။” ဟု အစားထိုး ပြဋ္ဌာန်း ထားခြင်းဖြစ်သည်။

အလားတူ ပုဒ်မ ၆၊ ပုဒ်မခွဲ(ဃ)ကိုလည်း “အပြည်ပြည်ဆိုင်ရာငြိမ်းချမ်းရေး၊ လုံခြုံရေးနှင့် တည်ငြိမ်ရေးကို ခြိမ်းခြောက်သည့် ဇီဝ၊ ဓာတုနှင့် နျူကလီးယားလက်နက်များ ၊ ရေဒီယိုသတ္တိကြွဒြပ်ပစ္စည်းများ ပါဝင်သည့် အဖျက်စွမ်းအား ကြီးမားသော လက်နက်များအား တားဆီးကာကွယ်ရေး၊ ဖယ်ရှားရေးနှင့် ဖျက်ဆီးရေးတို့အတွက်လည်းကောင်း၊ လူအများအပြား ‌ေ-သကျေစေသည့် လက်နက်များပြန့်ပွားရေးကို ငွေကြေးထောက်ပံ့မှုနှင့်သက်ဆိုင်သည့် ဘဏ္ဍာရေးအရ အရေးယူဆောင်ရွက်ရေးဆိုင်ရာ ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက်များအပေါ် အကောင်အထည်ဖော် ဆောင်ရွက်ရေးတို့အတွက် လည်းကောင်း အစီအမံများချမှတ်ခြင်း၊” ဟု အစားထိုးရန် ပြဋ္ဌာန်းထားသည်ကို တွေ့ရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here