ရန်ကုန်-မန္တလေး ရထားလမ်းပိုင်းတွင် ရထားခရီးစဉ်များ ပုံမှန်ပြေးဆွဲနိုင်ရေး လမ်းပိုင်းနှင့် တံတားများကို စနစ်တကျ ပြန်လည်ပြုပြင်ရန် ဒုတိယ ဝန်ကြီး မှာကြား

0
15

မိုးသည်းထန်စွာ ရွာသွန်းမှုများကြောင့် ရေတိုက်စား ပျက်စီးချို့ယွင်းခဲ့ရသည့် ရန်ကုန်-မန္တလေး ရထားလမ်းပိုင်းတွင် လူစီးရထားနှင့် ကုန်ရထားခရီးစဉ်များ ပုံမှန်အတိုင်း အမြန်ပြန်လည် ပြေးဆွဲနိုင်ရေး ရထားလမ်းများ၊ တံတားများကို လူအင်အား၊ စက်ယန္တရားအင်အားများအသုံးပြု၍ စနစ်တကျ ပြန်လည်ပြုပြင်ရန် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်မြိုင်က မှာကြားလိုက်သည်။

ဒုဝန်ကြီးသည် စက်တင်ဘာ (၂၅)ရက်က တာဝန်ရှိသူများနှင့်အတူ ရန်ကုန်-မန္တလေး ရထားလမ်းပိုင်းရှိ သဲတော- သပြေတောင်းအကြား ရထားလမ်းပိုင်း၌ မိုးသည်းထန်စွာ ရွာသွန်းမှုများကြောင့် ရေတိုက်စားပြီး ပျက်စီးချို့ယွင်းမှုဖြစ်ပေါ်ခဲ့သည့် ရထားလမ်းတာပေါင်များနှင့် ရထားလမ်းတံတားနေရာများကို ကြည့်ရှုစစ်ဆေးခဲ့ခြင်းဖြစ်သည်။

ထို့ပြင် စမုံ-သပြေတောင်းအကြား ပျက်စီးချို့ယွင်းခဲ့သည့် တံတားအမှတ် ၆၉၁ ၏ အဆန်တံတား ချဉ်းကပ်တာပေါင်၊ ကမ်းကပ်ခုံရေတိုက်စားမှုနှင့် Bored Pile များ အောက်ခြေတွင် ရေတိုက်စားခံရမှု ရှိ/ မရှိ အခြေအနေကိုလည်း ဒု-ဝန်ကြီးက သွားရောက်စစ်ဆေးခဲ့ကြောင်း သိရသည်။

ပြုပြင်ထိန်းသိမ်းမှုလုပ်ငန်းများ ဆောင်ရွက်ရာတွင် ရေရှည်ကောင်းမွန်အောင် စနစ်တကျပြုပြင်ရန်၊ လိုအပ်သည့် ပစ္စည်းများ လုံလောက်မှုရှိအောင် စီစဉ်ထောက်ပံ့ပေးရန်၊ ပြန်လည်အသုံးပြုနိုင်သည့် ဆယ်တင် ပစ္စည်းများကို အလေအလွင့်မဖြစ်အောင် စနစ်တကျပြန်လည်အသုံးပြုရန်လည်း ဒုတိယဝန်ကြီး က မှာကြားခဲ့သည်။

လက်ရှိတွင် လမ်းပိုင်းပြုပြင်ပြီးစီးသည့် အခြေအနေများအရ စက်တင်ဘာ (၂၁)ရက်မှ စတင်၍ ရန်ကုန် – သာစည်၊ သာစည် – ရန်ကုန် လူစီးရထားနှင့် ကုန်ရထားခရီးစဉ်များ ပုံမှန်အတိုင်း ပြေးဆွဲပေးလျက်ရှိကြောင်း မြန်မာ့မီးရထားမှ သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here